ချန်ပီယံ လီဗာပူးလ်အသင်းကို Guard of honour နဲ့ ချယ်လ်ဆီးအသင်းကြိုဆိုမယ်လို့ နည်းပြမာရက်စ်ကာ အတည်ပြု
လာမယ့်တနင်္ဂနွေနေ့မှာကစားမယ့် ချယ်လ်ဆီး- လီဗာပူးလ် ပရီးမီးယားလိဂ်ပွဲမစတင်မီ ချန်ပီယံ လီဗာပူးလ်အသင်း ကွင်းအတွင်းဝင်ရောက်လာချိန်မှာ ချယ်လ်ဆီးအသင်းက Guard of honour နဲ့ ကြိုဆိုသွားမယ်လို့ ချယ်လ်ဆီးအသင်းနည်းပြမာရက်စ်ကာက အတည်ပြုခဲ့ပါတယ်။
လီဗာပူးလ်အသင်းဟာ ပြီးခဲ့တဲ့အပတ်က ကစားခဲ့တဲ့ စပါးအသင်းနဲ့ပွဲစဉ်မှာ (၅-၁)ဂိုးနဲ့ အနိုင်ရခဲ့ပြီးနောက် ၂၀၂၄-၂၅ ရာသီပရီးမီးယားလိဂ်ချန်ပီယံအဖြစ် မှတ်တမ်းရေးထိုးခဲ့တာပါ။
လီဗာပူးလ်အသင်းဟာ ဒီရာသီပရီးမီးယားလိဂ်ပွဲစဉ်ကစားဖို့(၄)ပွဲကျန်ရှိသေးတဲ့အချိန်မှာ ချန်ပီယံဆုကိုရရှိခဲ့တာကြောင့် လက်ကျန်ပွဲစဉ်တွေမှာ သူတို့နဲ့ ယှဉ်ပြိုင်တဲ့အသင်းတိုင်းက Guard of honour နဲ့ ကြိုဆိုမှုတွေပြုလုပ်ရမယ့် အစဉ်အလာရှိနေပါတယ်။ လီဗာပူးလ်အသင်းဟာ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ပြီးနောက် ပထမဆုံးကစားရမယ့်ပွဲမှာ ချယ်လ်ဆီးအသင်းနဲ့ ထိပ်တိုက်တွေ့ဆုံမှာဖြစ်လို့ ချယ်လ်ဆီးအသင်းဟာ သူတို့ကို Guard of honour နဲ့ ကြိုဆိုရမှာပါ။
ချယ်လ်ဆီးအသင်းနည်းပြမာရက်စ်ကာက "ကျွန်တော်တို့ Guard of honour နဲ့ ကြိုဆိုသွားမှာဖြစ်ပြီး၊ ဒါကအစဉ်အလာပါပဲ။ ကျွန်တော်တို့ ဒါကိုလုပ်သွားမှာဖြစ်ပြီး လီဗာပူးလ်အသင်းဟာ ပရီးမီးယားလိဂ်ဖလားကို ထိုက်ထိုက်တန်တန်ရရှိတာပါ။ ချယ်လ်ဆီးနဲ့ လီဗာပူးလ်အသင်းကြား ဟွာဟချက်နဲ့ ပတ်သက်ရင် ရှင်းရှင်းလင်းလင်းမြင်တွေ့ရမှာပါ"လို့ မီဒီယာသမားတွေနဲ့ တွေ့ဆုံချိန်မှာ ဆိုခဲ့ပါတယ်။
ချယ်လ်ဆီးအသင်းဟာ ဒီရာသီပရီးမီးယားလိဂ်အစောပိုင်းပွဲတွေမှာ ရလဒ်ကောင်းတွေကြောင့် ချန်ပီယံပြိုင်ပွဲထဲမှာ ပါဝင်ခဲ့ပေမယ့် နောက်ပိုင်းမှာ ရလဒ်တွေမတည်မငြိမ်မှုကြောင့် အခုဆိုရင် အမှတ်ပေးဇယားအဆင့်(၅)နေရာမှာ ရပ်တည်နေတာပါ။ ကွန်းဖရန့်လိဂ်ပြိုင်ပွဲမှာ ဗိုလ်လုပွဲတက်ဖို့သေချာနေတဲ့ ချယ်လ်ဆီးအသင်းဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ထိပ်ဆုံး(၅)သင်းထဲဝင်ရောက်ပြီး ရာသီအဆုံးသတ်ကာ လာမယ့်ရာသီချန်ပီယံလိဂ်ပြိုင်ပွဲယှဉ်ပြိုင်ခွင့်ရဖို့ ပစ်မှတ်ထားနေပါတယ်။