လေဗာကူဆင်အသင်းဟာ ဘိုင်ယန်မြူးနစ်အသင်းနဲ့ ချန်ပီယံလိဂ် Round of 16 ဒုတိယအကျော့ အရေးကြီးတဲ့ပွဲမတိုင်မီ အဓိက ကစားသမား(၃)ဦးရဲ့ဒဏ်ရာတွေနဲ့ ရင်ဆိုင်နေရပါတယ်။
လေဗာကူဆင်အသင်းဟာ ဝါဒါဘရီမင်အသင်းကို (ဝ-၂)ဂိုးနဲ့ အရေးနိမ့်ခဲ့တဲ့ ဘွန်ဒစ်လီဂါပွဲစဉ်မှာ အဓိက ကစားသမားတွေဖြစ်တဲ့ ဖလော်ရီယန်ဗစ်ဇ်၊ရှာခါနဲ့ တပ်ဆိုဘာတို့ကို စောစီးစွာလူစားလဲလှယ်မှု ပြုလုပ်ခဲ့ရတာပါ။
ဂျာမနီကွင်းလယ်တိုက်စစ်ကစားသမား ဖလော်ရီယန်ဗစ်ဇ်ဟာ ဒီပွဲစဉ်ရဲ့ပထမပိုင်းအပြီးမှာ လူစားလဲဝင်ရောက်လာခဲ့ပေမယ့် ညာဘက်ခြေထောက်မှာ ဒဏ်ရာရရှိသွားခဲ့တာကြောင့် သူ့ရဲ့ဒဏ်ရာအခြေအနေဆိုးရွားမှာကို လေဗာကူဆင်အသင်းက စိုးရိမ်နေတာဖြစ်ပါတယ်။ လေဗာကူဆင်အသင်းနည်းပြ ဇာဘီအလွန်ဆိုက ဖလော်ရီယန်ဗစ်ဇ်ကို ပွဲမပြီးခင်မှာ ဆေးရုံကို ပို့ဆောင်ခဲ့ရတယ်လို့ ပွဲအပြီးမီဒီယာတွေ့ဆုံမှုမှာ ဆိုခဲ့ပါတယ်။

ဒါ့အပြင် ဇာဘီအလွန်ဆိုက ရှာခါနဲ့ တပ်ဆိုဘာတို့ဟာ ပွဲကစားဖို့ အခက်အခဲတွေရှိနေတာကြောင့် ပထမပိုင်းအပြီးမှာ လူစားလဲခဲ့တာဖြစ်ပြီး သူတို့ရဲ့အခြေအနေကို စောင့်ကြည့်ပြီးမှ မြင်တွေ့ရမယ်လို့ ဆိုခဲ့ပါတယ်။ လေဗာကူဆင်အသင်းဟာ ဘိုင်ယန်မြူးနစ်အသင်းကို ပထမအကျော့က (ဝ-၃)ဂိုးနဲ့ အရေးနိမ့်ခဲ့တာကြောင့် နောက်တစ်ဆင့်တက်ရောက်နိုင်ဖို့ခက်ခဲနေပေမယ့် နည်းပြဇာဘီအလွန်ဆိုက သူတို့လုပ်နိုင်မယ်ဆိုတာ ယုံကြည်တယ်လို့ ပထမအကျော့ပွဲစဉ်အပြီးမှာ ဆိုထားတာပါ။
လေဗာကူဆင်အသင်းဟာ ဝါဒါဘရီမင်အသင်းကို အရေးနိမ့်ခဲ့သလို အမှတ်ပေးဇယားထိပ်ဆုံးနေရာက ဘိုင်ယန်မြူးနစ်အသင်းကလည်း ဘိုချန်အသင်းကို အရေးနိမ့်ခဲ့တာကြောင့် လေဗာကူဆင်အသင်းဟာ ဘွန်ဒစ်လီဂါအမှတ်ပေးဇယားမှာ ဘိုင်ယန်မြူးနစ်အသင်းရဲ့(၈)မှတ်ဖြတ် ဦးဆောင်ခြင်းကို ခံထားရပါတယ်။
Discussion