ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ကို အက်စတွန်ဗီလာအသင်းတက်နိုင်မယ်လို့ အူနိုင်းအမ်မရီ ယုံကြည်မှုရှိနေ
အက်စတွန်ဗီလာအသင်းဟာ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်(ပထမအကျော့)ပွဲစဉ်မှာ PSG အသင်းကို (၁-၃)ဂိုးနဲ့ အရေးနိမ့်ခဲ့ပေမယ့် နည်းပြအူနိုင်းအမ်မရီက အက်စတွန်ဗီလာအသင်းဟာ PSG အသင်းထက်ပိုကောင်းအောင်လုပ်ပြီး ဆီမီးဖိုင်နယ်ကို တက်နိုင်မယ်ဆိုတာ ယုံကြည်မှုရှိနေတယ်လို့ ဆိုခဲ့ပါတယ်။
အက်စတွန်ဗီလာအသင်းဟာ ဒီပွဲမှာ ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့ပေမယ့် ချေပဂိုးနဲ့ အနိုင်ဂိုးတွေပေးခဲ့ရပြီး PSG အသင်းကို (၂)ဂိုးအသာနဲ့ ဦးဆောင်ခွင့်ပေးခဲ့ရတာကြောင့် ဆီမီးဖိုင်နယ်ကို တက်ဖို့ ခက်ခဲလိမ့်မယ်လို့ သုံးသပ်မှုတွေရှိနေကြတာပါ။
အူနိုင်းအမ်မရီက "(၂-၁)တုန်းက နောက်ပွဲမှာ ကျွန်တော်တို့အနိုင်ရအောင်ကစားဖို့စဉ်းစားနေပြီး (၃-၁)ဖြစ်ချိန်မှာလည်း အတူတူပါပဲ။ ဗီလာပါ့ခ်က ကျွန်တော်တို့ရဲ့အိမ်ဖြစ်ပြီး အဲ့ဒီမှာပိုပြီးသန်မာလာဖို့ မျှော်လင့်ပါတယ်။ သူတို့က ဆီမီးဖိုင်နယ်တက်ဖို့ ရေပန်းစားနေဆဲဖြစ်ပေမယ့် ဒုတိယအကျော့မှာ အနိုင်ရအောင်ကစားပြီး ဆီမီးဖိုင်နယ်တက်နိုင်ဖို့ ယုံကြည်မှုရှိတယ်"လို့ ပွဲအပြီးမီဒီယာတွေ့ဆုံမှုမှာ ဆိုခဲ့ပါတယ်။
အက်စတွန်ဗီလာအသင်းဟာ နောက်ပိုင်းကစားတဲ့ပွဲတွေမှာ နိုင်ပွဲဆက်နေပြီး FA ဖလားပြိုင်ပွဲမှာလည်း ဆီမီးဖိုင်နယ်ကို တက်နိုင်ခဲ့ပေမယ့် PSG အသင်းနဲ့ပွဲမှာတော့ ရုန်းကန်ခဲ့ရတာပါ။ အက်စတွန်ဗီလာအသင်းအနေနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဆက်ပြီးရှိချင်တယ်ဆိုရင် ဒုတိယအကျော့အဖြစ် အိမ်ကွင်းမှာကစားမယ့်ပွဲစဉ်မှာ ထူးခြားကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေကို ပြသဖို့ လိုအပ်နေပါတယ်။ PSG အသင်းဟာ နည်းပြလူးဝစ်အင်းနရစ်လက်ထက်မှာ အလွန်ကောင်းမွန်တဲ့ စွမ်းဆောင်ရည်နဲ့ ဒီရာသီချန်ပီယံလိဂ်ပြိုင်ပွဲမှာ ချန်ပီယံဖြစ်နိုင်တဲ့ အသင်းစာရင်းထဲမှာပါဝင်နေပါတယ်။
ပရီးမီးယားလိဂ်ကနေ ချန်ပီယံလိဂ်ဝင်ခွင့်ရယူနိုင်ဖို့ ပစ်မှတ်ထားနေတဲ့ အက်စတွန်ဗီလာအသင်းဟာ လာမယ့်ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် တန်းဆင်းသွားပြီဖြစ်တဲ့ ဆောက်သမ်တန်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။