ချန်ပီယံလိဂ်မှာ ရီးရဲလ်မက်ဒရစ်အသင်းအနိုင်ယူထားတဲ့ (၁၁၁)သင်းထဲမှာ မပါဝင်တဲ့ အာဆင်နယ်အသင်း

ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ရီးရဲလ်မက်ဒရစ်အသင်းက အအောင်မြင်ဆုံးအသင်းအဖြစ် ချန်ပီယံဆု(၁၅)ကြိမ်ရယူထားသလို ဒီပြိုင်ပွဲစတင်ခဲ့တဲ့ ၁၉၅၅ ခုနှစ်ကနေ လက်ရှိအချိန်အထိ ပြိုင်ပွဲအကြိမ်အများဆုံး ပါဝင်ယှဉ်ပြိုင်တဲ့အသင်းအဖြစ် စံချိန်တင်ထားတဲ့အသင်းလည်း ဖြစ်ပါတယ်။

ဒီပြိုင်ပွဲသမိုင်းတစ်လျှောက်မှာ ရီးရဲလ်မက်ဒရစ်အသင်း ရင်ဆိုင်ခဲ့ရတဲ့ ဥရောပကလပ်အသင်းရာချီရှိခဲ့ပြီး ဒီအထဲက (၁၁၁)သင်းကို ရီးရဲလ်မက်ဒရစ်အသင်းက အနိုင်ယူထားပါတယ်။

ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ရီးရဲလ်မက်ဒရစ်အသင်း ရင်ဆိုင်ခဲ့ပေမယ့် အနိုင်မရသေးတဲ့အသင်းအဖြစ် ရှားရှားပါးပါး ပါဝင်နေတာက အာဆင်နယ်အသင်းဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းဟာ ချန်ပီယံလိဂ်မှာ မန်ယူနိုက်တက်၊ ဒါဘီကောင်တီ၊ လီဗာပူးလ်၊ လိဒ်စ်ယူနိုက်တက်၊ စပါး၊ မန်စီးတီး၊ ချယ်လ်ဆီး၊ အာဆင်နယ်အစရှိတဲ့အင်္ဂလန်ကလပ်တွေနဲ့ ရင်ဆိုင်ကစားခဲ့ဖူးပြီး အာဆင်နယ်ကလွဲလို့ ကျန်အသင်းအားလုံးကို အနိုင်ယူခဲ့ဖူးပါတယ်။

အာဆင်နယ်အသင်းကတော့ ရီးရဲလ်မက်ဒရစ်အသင်း တစ်ခါမှအနိုင်မရဖူးတဲ့အသင်းအဖြစ် ဥရောပမှာ မှတ်တမ်းကောင်းရေးထိုးထားပါတယ်။ ၂၀၀၅-၀၆ ရာသီ ချန်ပီယံလိဂ် Round of 16 အဆင့်မှာ ဒီနှစ်သင်း ပထမဆုံးအနေနဲ့ ဆုံတွေ့ခဲ့ဖူးပါတယ်။

အဲဒီတုန်းက အာဆင်နယ်ကွင်းမှာကစားခဲ့တဲ့ ပထမအကျော့မှာ အာဆင်နယ်အသင်းက အွန်နရီရဲ့တစ်လုံးတည်းသောဂိုးနဲ့အတူ(၁-၀)ဂိုးနဲ့ အနိုင်ယူခဲ့ပြီး ရီးရဲလ်မက်ဒရစ်ကွင်းမှာ ကစားခဲ့တဲ့ ဒုတိယအကျော့မှာ နှစ်ဖက်အသင်း ဂိုးမရှိသရေကျခဲ့တာပါ။ ဒီရာသီ ကွာတားဖိုင်နယ် (ပထမအကျော့)တွေ့ဆုံမှုမှာလည်း အာဆင်နယ်က ရီးရဲလ်မက်ဒရစ်အသင်းကို (၃-၀)ဂိုးနဲ့ ဂိုးပြတ်အနိုင်ယူခဲ့ပြီး ဒီနှစ်သင်းထိပ်တိုက်တွေ့ဆုံမှု သမိုင်းကြောင်းမှာ အာဆင်နယ်က (၃)ပွဲကစား (၂)ပွဲနိုင်(၁)ပွဲသရေ မှတ်တမ်းကောင်းကို ရယူထားပါတယ်။

ဒါကြောင့် အာဆင်နယ်အသင်းအနေနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲသမိုင်းတစ်လျှောက်မှာ ရီးရဲလ်မက်ဒရစ်အသင်းအနိုင်ယူခဲ့တဲ့ အသင်း(၁၁၁)သင်းထဲမှာ မပါသလို ရီးရဲလ်မက်ဒရစ်အသင်း ဂိုးမသွင်းနိုင်သေးတဲ့အသင်းအဖြစ်လည်း ရှိနေဆဲပါ။

လာမယ့် ဧပြီ(၁၆)ရက် ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ဘာနေဗျူးကွင်းမှာ ကစားမယ့် ကွာတားဖိုင်နယ် ဒုတိယအကျော့ပွဲစဉ် ရီးရဲလ်မက်ဒရစ်-အာဆင်နယ်ပွဲမှာ အာဆင်နယ်အသင်းအနေနဲ့ ရီးရဲလ်မက်ဒရစ်ကို မရှုံးအောင်/ဂိုးမပေးရအောင် ဆက်ကစားပြီး ဒီမှတ်တမ်းကောင်း(၂)ခုကို ဆက်ထိန်းနိုင်မလားဆိုတာ ကြည့်ရမှာပါ။

ဗလင်စီယာအသင်းက ရီးရဲလ်မက်ဒရစ်အသင်းကို (၂-၁)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ လာလီဂါပွဲစဉ်အပြီးမှာ ဗလင်စီယာအသင်းရဲ့ ဂျော်ဂျီယာဂိုးသမား မာမာဒက်ရှ်ဗီလီက သူ့ကို ရီးရဲလ်မက်ဒရစ်တောင်ပံကစားသမား ဗင်နီစီယပ်စ် ပယ်နယ်တီလောင်းကြေးမပေးချေရသေးဘူးလို့ မီဒီယာသမားတွေနဲ့တွေ့ဆုံချိန်မှာ ဆိုခဲ့ပါတယ်။

ဒီပွဲရဲ့ပွဲချိန်(၁၃)မိနစ်မှာ ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူးဘာပေကို ဗလင်စီယာနောက်ခံလူ တာရီဂါက ဂိုးဧရိယာထဲ ပြစ်ဒဏ်ကျူးလွန်ခဲ့တာကြောင့် ရီးရဲလ်မက်ဒရစ်အသင်းပယ်နယ်တီရခဲ့ပေမယ့် ဗင်နီစီယပ်စ်ရဲ့ကန်သွင်းမှုကို ဂိုးသမား မာမာဒက်ရှ်ဗီလီကာကွယ်နိုင်ခဲ့တာပါ။

မာမာဒက်ရှ်ဗီလီက သူဟာ ပယ်နယ်တီကာကွယ်နိုင်မှုကြောင့် လောင်းကြေးယူရို(၅၀)အနိုင်ရခဲ့တယ်လို့ ဆိုခဲ့ပါတယ်။ မာမာဒက်ရှ်ဗီလီက "ကျွန်တော် ဗင်နီစီယပ်စ်နဲ့ စကားပြောခဲ့ပြီး ယူရို(၅၀)အနိုင်ရခဲ့ပါတယ်။ ယူရို(၅၀)နဲ့လောင်းချင်လားလို့ သူ့ကိုမေးတော့ သူက ရတယ်လို့ပြောခဲ့ပြီး ဒါကြောင့် ကျွန်တော်အနိုင်ရခဲ့ပါတယ်။ ပွဲပြီးရင်ပေးရမှာဖြစ်ပေမယ့် သူမပေးရသေးဘူး"လို့ ဆိုခဲ့တာပါ။

ဒီရာသီအကုန်မှာ လီဗာပူးလ်အသင်းထံ ပြောင်းရွှေ့မယ့် ဂိုးသမားမာမာဒက်ရှ်ဗီလီဟာ ဒီပွဲမှာ ဗလင်စီယာအသင်းအတွက် အကောင်းဆုံးလက်စွမ်းပြသနိုင်ခဲ့ပြီး ဂိုးပေါက်ကာကွယ်မှု(၈)ကြိမ်အထိ ပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။ မာမာဒက်ရှ်ဗီလီဟာ ပြီးခဲ့တဲ့ ယူရို-၂၀၂၄ ပြိုင်ပွဲမှာ ဂျော်ဂျီယာအသင်းအတွက် လက်စွမ်းပြသနိုင်ခဲ့တာကြောင့် လီဗာပူးလ်အသင်းဟာ သူ့ကိုအသင်းရဲ့နံပတ်တစ်ဂိုးသမားအဖြစ် ရေရှည်အသုံးပြုနိုင်ဖို့ခေါ်ယူခဲ့တာပါ။

ရီးရဲလ်မက်ဒရစ်အသင်းဟာ သရေလဒ်ကြောင့် စပိန်လာလီဂါအမှတ်ပေးဇယားထိပ်ဆုံးနေရာက ဘာစီလိုနာအသင်းနဲ့(၄)မှတ်အကွာ အဆင့်(၂)နေရာမှာရပ်တည်နေပြီး ဗလင်စီယာအသင်းက အဆင့်(၁၅)နေရာမှာ ရပ်တည်နေပါတယ်။