ချန်ပီယံလိဂ်ပြိုင်ပွဲက လီဗာပူးလ်အသင်း ထွက်ခွာခဲ့ရပြီးနောက် ဆာလာ ငိုကြွေး

လီဗာပူးလ်အသင်းဟာ PSG အသင်းကို ပယ်နယ်တီအဆုံးအဖြတ်မှာ အရေးနိမ့်ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲကနေ စောစီးစွာထွက်ခွာခဲ့ရပြီးနောက် အီဂျစ်တောင်ပံကစားသမား ဆာလာဟာ ငိုကြွေးနေခဲ့ပါတယ်။
ချန်ပီယံလိဂ် Round of 16 ဒုတိယအကျော့ပွဲစဉ်အဖြစ် ကစားခဲ့တဲ့ ဒီပွဲစဉ်မှာ PSG အသင်းက လီဗာပူးလ်အသင်းကို (၁-ဝ)ဂိုးနဲ့ အနိုင်ရရှိခဲ့တာပါ။ ဒါပေမယ့် ပထမအကျော့ပွဲစဉ်မှာ လီဗာပူးလ်အသင်းက (၁-ဝ)ဂိုးနဲ့ အနိုင်ရခဲ့တဲ့အတွက် နှစ်ကျော့ပေါင်းရလဒ်(၁-၁)ဂိုးစီ သရေကျနေခဲ့တာကြောင့် အချိန်ပိုဆက်ကစားခဲ့ရပြီး အချိန်ပိုမှာလည်း ဂိုးမသွင်းနိုင်ခဲ့လို့ ပယ်နယ်တီအဆုံးအဖြတ်ခံယူခဲ့ရပါတယ်။ ပယ်နယ်တီအဆုံးအဖြတ်မှာ PSG အသင်းက (၄-၁)ဂိုးနဲ့ အနိုင်ရပြီး ကွာတားဖိုင်နယ်ကို တက်နိုင်ခဲ့တာပါ။

ချန်ပီယံလိဂ်ပြိုင်ပွဲကနေ လီဗာပူးလ်အသင်းထွက်ခွာခဲ့ရပြီးနောက် ဆာလာဟာ ခံစားချက်တွေမထိန်းချုပ်နိုင်ဘဲ ကွင်းအတွင်းမှာ ငိုကြွေးနေခဲ့တာဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်က ချန်ပီယံလိဂ်ဖလားကို ရယူနိုင်ခဲ့တဲ့ ဆာလာဟာ လီဗာပူးလ်အသင်းနဲ့ ဒုတိယအကြိမ်မြောက် ချန်ပီယံလိဂ်ဖလားကို ကိုင်မြှောက်နိုင်ဖို့ ရည်ရွယ်ထားတဲ့ သူ့ရဲ့ရည်ရွယ်ချက်တွေကို အဆုံးသတ်ခဲ့ရတဲ့အတွက် ပရိသတ်တွေကို နှုတ်ဆက်ရင်း ငိုကြွေးနေခဲ့တာပါ။

ဆာလာဟာ ဒီရာသီကုန်ရင် လီဗာပူးလ်အသင်းနဲ့ စာချုပ်ကုန်ဆုံးတော့မှာဖြစ်ပြီး စာချုပ်သစ်အတွက် သဘောတူညီမှုမရရှိသေးတာဖြစ်ပါတယ်။ အဲ့ဒါကြောင့် ဆာလာအတွက် ဒီပွဲဟာ လီဗာပူးလ်အသင်းကစားသမားဘ၀ နောက်ဆုံးယှဉ်ပြိုင်ခဲ့ရတဲ့ ချန်ပီယံလိဂ်ပွဲစဉ်ဖြစ်သွားနိုင်တာပါ။ ဆာလာဟာ သူ့ရဲ့လီဗာပူးလ်အသင်းကစားသမားဘ၀ နောက်ဆုံးရာသီဖြစ်လာနိုင်တဲ့ ဒီရာသီမှာ ချန်ပီယံလိဂ်ဖလားကို မရယူနိုင်ခဲ့ပေမယ့် ပြည်တွင်းဖလား(၂)ခုကို ရယူနိုင်ဖို့ နီးစပ်နေပါတယ်။
လီဗာပူးလ်အသင်းဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အမှတ်ပေးဇယားအဆင့်(၂)နေရာက အာဆင်နယ်အသင်းထက် (၁)ပွဲပိုကစားထားပြီး ရမှတ်(၁၅)မှတ်အသာနဲ့ အဆင့်(၁)နေရာရပ်တည်နေတာပါ။ လီဗာပူးလ်အသင်းဟာ လာမယ့် မတ်(၁၆)ရက်မှာ ကာရာဘောင်းလိဂ်ဖလားဗိုလ်လုပွဲအဖြစ် နယူးကာဆယ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဒီရာသီပထမဆုံးဆုဖလားကို ရယူနိုင်ဖို့ ပစ်မှတ်ထားနေတာဖြစ်ပါတယ်။
Comments ()