မနေ့ကစားခဲ့တဲ့ ချန်ပီယံလိဂ် Round of 16 အဆင့်ပွဲစဉ် လေဗာကူဆင်(၀-၂)ဘိုင်ယန်မြူးနစ်ပွဲမှာ အသင်းအတွက် အဖွင့်ဂိုး(၁)ဂိုးသွင်းယူခဲ့ပြီးနောက် ဘိုင်ယန်​မြူးနစ်အသင်းရဲ့ အင်္ဂလန်တိုက်စစ်မှူးဟာရီကိန်းဟာ ဒီရာသီချန်ပီယံလိဂ်ပြိုင်ပွဲမှာ သွင်းဂိုး (၁၀)ဂိုးအထိရှိလာခဲ့ပါတယ်။

ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ၂၀၁၆-၁၇ ရာသီက စတင်ကစားခဲ့တဲ့ ဟာရီကိန်းအတွက် ဒီပြိုင်ပွဲမှာ အရင်က တစ်ရာသီအတွင်း ချန်ပီယံလိဂ်ဂိုးအများဆုံး(၈)ဂိုးအထိသာ သွင်းယူနိုင်ခဲ့တာဖြစ်ပြီး အခုပထမဆုံးအနေနဲ့ (၁၀)ဂိုးပြည့်ကိန်းဂဏန်းကို ရောက်ရှိခဲ့တာပါ။

အင်္ဂလန်ကစားသမားတွေထဲမှာ တစ်ရာသီအတွင်း ချန်ပီယံလိဂ်သွင်းဂိုး(၁၀)ဂိုးပြည့်သွင်းဖူးသူမရှိတာကြောင့် ဟာရီကိန်းအနေနဲ့ ဒီ(၁၀)ဂိုးပြည့်မှတ်တမ်းကို ပိုင်ဆိုင်တဲ့ ပထမဆုံးအင်္ဂလန်ကစားသမားဖြစ်လာပါတယ်။

ဟာရီကိန်းနောက် တစ်ရာသီအတွင်း ချန်ပီယံလိဂ်ဂိုးအများဆုံးသွင်းခဲ့တဲ့ အင်္ဂလန်ကစားသမားတွေက ဂျရတ်(၇ ဂိုး)(လီဗာပူးလ်/၂၀၀၈-၀၉)၊ ရက်ရှ်ဖို့ဒ်(၆ ဂိုး)(မန်ယူနိုက်တက်/၂၀၂၀-၂၁)၊ စတာလင်(၆ ဂိုး)(မန်စီးတီး/၂၀၁၉-၂၀)၊ အလန်ရှီးယား(၆ ဂိုး)(နယူးကာဆယ်/၂၀၀၂-၀၃)၊ ပေါလ်စခိုးလ်(၆ ဂိုး)(မန်ယူနိုက်တက်/၂၀၀၀-၀၁)တို့ ဖြစ်ကြပါတယ်။

ဒီရာသီချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ဂိုးသွင်းအများဆုံးကစားသမားစာရင်းမှာ ဘာစီလိုနာအသင်းရဲ့ဘရာဇီးလ်တောင်ပံကစားသမား ရာဖင်ညာက (၁၁)ဂိုးနဲ့ ထိပ်ဆုံးကနေ ဦးဆောင်နေပြီး နောက်မှာ ဟာရီကိန်းနဲ့ ဒေါ့မွန်အသင်းရဲ့ ဂီနီတိုက်စစ်မှူးဂီရာဆေတို့က (၁၀)ဂိုးစီနဲ့ရှိနေကြတာပါ။

ပြီးခဲ့တဲ့ရာသီက ချန်ပီယံလိဂ်မှာ (၈)ဂိုးသွင်းပြီး ဂိုးသွင်းအများဆုံးကစားသမားအဖြစ် PSG တိုက်စစ်မှူး(ထိုစဉ်က)ဘာပေနဲ့ ပူးတွဲရပ်တည်ခဲ့တဲ့ ဟာရီကိန်းအနေနဲ့ ဒီရာသီမှာ ရာဖင်ညာကို ကျော်ဖြတ်ပြီး ဂိုးသွင်းအများဆုံးရွှေဖိနပ်ဆုကို ထပ်မံရယူနိုင်မလားဆိုတာ ကြည့်ရမှာပါ။