ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ခရိုအေးရှားဝါရင့်ကွင်းလယ်လူမိုဒရစ်ဟာ ဝေးလ်ကလပ် ဆွမ်ဆီးအသင်းရဲ့ ရှယ်ယာတွေကို ဝယ်ယူခဲ့ကြောင်း သိရပါတယ်။
ဆွမ်ဆီးအသင်းဟာ လက်ရှိချန်ပီယံရှစ်ပြိုင်ပွဲမှာ အဆင့်(၁၂)နေရာမှာ ရပ်တည်နေတဲ့အသင်းဖြစ်ပါတယ်။
လက်ရှိမှာ အသက်(၃၉)နှစ်အရွယ်ရှိတဲ့ မိုဒရစ်ဟာ ဒီရာသီကုန်ရင် ရီးရဲလ်မက်ဒရစ်အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး သူ့အနေနဲ့ ကစားသမားဘ၀က အနားယူပြီး အသင်းအုပ်ချုပ်မှုပိုင်းဆိုင်ရာကို ဝင်ရောက်လာဖွယ်ရှိနေပါတယ်။
ဆွမ်ဆီးအသင်းရဲ့ရှယ်ယာတွေကို အန်ဒီကိုးလ်မန်း၊ ဘရက်ကရာဗတ်၊ နီဂျယ်လ်မောရစ်၊ ဂျေဆင်ကိုဟန်အစရှိတဲ့ စီးပွားရေးသမားတွေနဲ့ အတူပူးပေါင်းပြီး မိုဒရစ်က ဝယ်ယူခဲ့တာပါ။
လက်ရှိဆွမ်ဆီးအသင်း ဥက္ကဋ္ဌဖြစ်သူအန်ဒီကိုးလ်မန်းဟာ ပြီးခဲ့တဲ့ ၂၀၂၄ ဒီဇင်ဘာလအတွင်းက ကလပ်အသင်းရဲ့ရှယ်ယာ(၇၇.၁%)ကို သူ့မိတ်ဆွေစီးပွားရေးသမားတွေနဲ့ အတူ ဝယ်ယူခဲ့ပြီး ဒီအထဲမှာ မိုဒရစ်လည်း ပါဝင်ခဲ့တာပါ။ မိုဒရစ်အနေနဲ့ ရှယ်ယာတန်ဖိုးဘယ်လောက်အထိ ဝယ်ယူခဲ့သလဲဆိုတာကိုတော့ သတင်းတွေက ဖော်ပြခြင်းမရှိပါဘူး။
ဆွမ်ဆီးအသင်းဟာ ၂၀၁၇-၁၈ ရာသီကုန် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အဆင့်(၁၈)သာရခဲ့တာကြောင့် တန်းဆင်းခဲ့ပြီး အခုအချိန်အထိ ချန်ပီယံရှစ်ပြိုင်ပွဲကနေ ပရီးမီးယားလိဂ်ကို တန်းပြန်တက်အောင် မစွမ်းဆောင်နိုင်သေးတဲ့အသင်းလည်းဖြစ်ပါတယ်။
ဆွမ်ဆီးအသင်းတန်းပြန်မတက်နိုင်ခြင်းရဲ့ အဓိကအကြောင်းရင်းထဲမှာ အသင်းကစားသမားအင်အားမတောင့်တင်းတာကြောင့်လို့ သုံးသပ်မှုတွေရှိခဲ့ပြီး နာမည်ကျော်ကစားသမားတွေ ဝယ်ယူဖို့အတွက် အသင်းပိုင်ရှင်တွေထံကို ပရိသတ်တွေဆီက တောင်းဆိုမှုတွေလည်း ရှိခဲ့ပါတယ်။
ဒါကြောင့် ဘောလုံးလောကမှာ အတွေ့အကြုံများတဲ့ မိုဒရစ်အနေနဲ့ ကစားသမားဘ၀ကနေ အသင်းပိုင်ရှင်တစ်စိတ်တစ်ပိုင်းဖြစ်လာချိန်မှာ ဆွမ်ဆီးအသင်းရဲ့လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်မလား။ သူ့ရဲ့ငွေကြေးတွေ ရင်းနှီးမြှုပ်နှံထားတဲ့အသင်းကို ပရီးမီးယားလိဂ်မှာ ပြန်ယှဉ်ပြိုင်နိုင်ဖို့ ကူညီပေးနိုင်မလားဆိုတာ ကြည့်ရမှာပါ။
Discussion