ချယ်လ်ဆီးအသင်းက နော်တင်ဂမ်ဖောရက်စ်အသင်းကို (၁-ဝ)ဂိုးနဲ့ အနိုင်ရပြီး လာမယ့်ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲယှဉ်ပြိုင်ခွင့်ရခဲ့ပြီးနောက် ရာသီတစ်လျှောက်လုံး အသင်းကိုဝေဖန်မှုပြုလုပ်နေတဲ့သူတွေကို ချယ်လ်ဆီးအသင်းရဲ့အီတလီလူမျိုးနည်းပြမာရက်စ်ကာက ‘F*** off’ လို့ တုံ့ပြန်ခဲ့ပါတယ်။

မာရက်စ်ကာဟာ ချယ်လ်ဆီးအသင်းကို ပထမဆုံးကိုင်တွယ်တဲ့ရာသီမှာတင် ဝေးကွာနေတဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲထံ ပြန်လည်ပို့ဆောင်ပေးနိုင်ခဲ့တာပါ။

ချယ်လ်ဆီးအသင်းဟာ ဒီရာသီအစပိုင်းမှာ ရလဒ်တွေကောင်းမွန်ခဲ့ပြီး ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် ပြိုင်ပွဲထဲမှာ ပါဝင်ခဲ့ပေမယ့် နောက်ပိုင်းပွဲတွေမှာ ရလဒ်တွေမကောင်းခဲ့လို့ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ မရေမရာမှုတွေရှိလာခဲ့တာဖြစ်ပါတယ်။ ချယ်လ်ဆီးအသင်းရဲ့ရလဒ်နဲ့ စွမ်းဆောင်ရည်ကို ဝေဖန်မှုတွေအများကြီးရှိခဲ့ပြီး ချန်ပီယံလိဂ်ဝင်ခွင့်မရနိုင်ဘူးလို့ သုံးသပ်မှုတွေလည်း ရှိခဲ့တာပါ။ ဒါပေမယ့် ချယ်လ်ဆီးအသင်းဟာ ဖောရက်စ်အသင်းကို အနိုင်ရခဲ့ပြီးနောက် ချန်ပီယံလိဂ်ဝင်ခွင့်ကို ရရှိခဲ့တာဖြစ်ပါတယ်။

မာရက်စ်ကာက"ကျွန်တော်ဟာ ကစားသမားတွေနဲ့ပတ်သက်ပြီး ဘယ်တုန်းကမှသံသယမရှိခဲ့ပါဘူး။ သံသယဆိုတာ အပြင်ကနေလာတာပါ။ ကစားသမားတွေဟာ ငယ်ရွယ်လွန်းတယ်၊သူတို့ဟာ လုံလောက်မှုမရှိဘူးဆိုပြီး ပြောကြပါတယ်။ အတွေ့အကြုံမရှိတဲ့အတွက် ဒီကွင်းထဲမှာ နိုင်ပွဲရအောင်မလုပ်နိုင်ဘူးဆိုပြီးလည်း ပြောကြပါတယ်။ အခုတော့ သူတို့အားလုံးမှားသွားပါပြီ။ ကစားသမားတွေနဲ့ ထိုက်တန်တဲ့အတွက် သူတို့အားလုံးကို F*** off ပါပဲ"လို့ ပွဲအပြီးမီဒီယာတွေ့ဆုံမှုမှာ ဆိုခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းဟာ ပရီးမီးယားလိဂ်သမိုင်းမှာ အသက်အငယ်ဆုံးအသင်းအဖြစ်လည်း စံချိန်သစ်တင်နိုင်ခဲ့ပါတယ်။ ၂၀၂၄-၂၅ ရာသီမှာ ချယ်လ်ဆီးအသင်းပွဲထွက်လူစာရင်းရဲ့ပျှမ်းမျှအသက်ဟာ (၂၄)နှစ်နဲ့ (၃၆)ရက်ဖြစ်ပြီး ၁၉၉၉-၂၀၀၀ ရာသီက လိဒ်စ်အသင်းရဲ့(၂၄)နှစ်နဲ့ (၁၆၂)ရက်စံချိန်ကို ချိုးဖျက်နိုင်ခဲ့တာပါ။ ချယ်လ်ဆီးအသင်းဟာ ချန်ပီယံလိဂ်ဝင်ခွင့်ရခဲ့သလို ဒီရာသီကို ဆုဖလားရယူပြီး အဆုံးသတ်နိုင်မယ့် အခွင့်အရေးလည်းရှိနေပါတယ်။

ချယ်လ်ဆီးအသင်းဟာ ကြားရက်ထဲမှာ ကွန်းဖရန့်လိဂ်ဗိုလ်လုပွဲအဖြစ် လာလီဂါကလပ် ရီးရဲလ်ဘက်တစ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။