လီဗာပူးလ်အသင်းရဲ့ LFC Foundation ၊ ချယ်လ်ဆီးအသင်းရဲ့ Chelsea Foundationနဲ့ စပွန်ဆာကုမ္ပဏီ AXA တို့ ပူးပေါင်းစီစဉ်ကျင်းပတဲ့ ရန်ပုံငွေဘောလုံးပွဲကို မနေ့က လီဗာပူးလ်အသင်းရဲ့အန်ဖီးလ်ကွင်းမှာ ကျင်းပခဲ့ပါတယ်။

ဒီပွဲမှာ လီဗာပူးလ်အသင်းနဲ့ ချယ်လ်ဆီးအသင်းက ကစားသမားဟောင်းတွေပါဝင်တဲ့ လီဗာပူးလ်ဂန္ထဝင်အသင်းနဲ့ ချယ်လ်ဆီးဂန္ထဝင်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြပြီး လီဗာပူးလ်ဂန္ထဝင်အသင်းက (၂-၀)ဂိုးနဲ့အနိုင်ရခဲ့ပါတယ်။

လီဗာပူးလ်ဂန္ထဝင်အသင်းအတွက် အနိုင်ဂိုး(၂)ဂိုးစလုံးကို သွင်းသွားသူကတော့ အရပ်(၆)ပေ(၇)လက်မရှိတဲ့ ကလန်ကလားတိုက်စစ်မှူးပီတာခရော့ချ်ဖြစ်ပါတယ်။ ပီတာခရော့ချ်က ဂိုးသွင်းအပြီး သူ့ရဲ့ Trademark ဖြစ်တဲ့ နာမည်ကျော်စက်ရုပ်အကနဲ့ အောင်ပွဲခံခဲ့ရာမှာ ပရိသတ်တွေအတွက် ပွဲကျစရာဖြစ်ခဲ့ပါတယ်။

ပီတာခရော့ချ်ဟာ သူ့ရဲ့ကစားသမားဘ၀မှာ ကလပ်အသင်းပေါင်း(၁၂)သင်းကစားခဲ့ဖူးသူဖြစ်ပြီး လီဗာပူးလ်အသင်းမှာ ၂၀၀၅ ခုနှစ်ကနေ ၂၀၀၈ အထိ ကစားခဲ့သူပါ။ ထူးခြားတာတစ်ခုကတော့ သူက ချယ်လ်ဆီးအသင်းကို ငယ်ငယ်ကလေးတည်းက အားပေးခဲ့တဲ့ချယ်လ်ဆီးအမာခံပရိသတ်တစ်ဦးဖြစ်ပြီး ချယ်လ်ဆီးအသင်းအတွက်တော့ တစ်ခါမှ ကစားခဲ့ဖူးခြင်းမရှိတာပါပဲ။

ချယ်လ်ဆီးပရိသတ် ပီတာခရော့ချ်ရဲ့ဂိုးတွေနဲ့ လီဗာပူးလ်ဂန္ထဝင်အသင်းက ချယ်လ်ဆီးဂန္ထဝင်အသင်းကို အနိုင်ရခဲ့သလို ဒီပွဲမှာပါဝင်ကစားခဲ့သူတွေက လွန်ခဲ့တဲ့ နှစ်(၂၀)ဝန်းကျင်က ဒီအသင်းတွေမှာ ကစားခဲ့သူတွေဖြစ်လို့ ချယ်လ်ဆီးအသင်း အောင်ပွဲခံခဲ့တဲ့ ၂၀၀၄-၀၅ ရာသီကို ပြန်သတိရစေပါတယ်။

ပေါ်တူဂီလူမျိုးမော်ရင်ဟိုရဲ့ပထမဆုံးရာသီဖြစ်တဲ့ ၂၀၀၄-၀၅ ရာသီမှာ ချယ်လ်ဆီးအသင်းဟာ နှစ်ပေါင်း(၅၀)တိတိဝေးကွာနေတဲ့ အမှတ်ပေးချန်ပီယံဖလားကို ရယူနိုင်ခဲ့ပြီး အဲဒီတုန်းက လီဗာပူးလ်အသင်းကို မော်ရင်ဟိုရဲ့ချယ်လ်ဆီးအသင်းက ပရီးမီးယားလိဂ်မှာ (၂)ကျော့စလုံး (၁-၀)ရလဒ်တွေနဲ့ အနိုင်ယူခဲ့တာပါ။ လိဂ်ဖလားမှာလည်း ချယ်လ်ဆီးအသင်းက ဗိုလ်လုပွဲမှာလီဗာပူးလ်အသင်းကို အချိန်ပို(၃-၂)ဂိုးနဲ့ အနိုင်ယူပြီး ဗိုလ်စွဲခဲ့တာပါ။

ဒါကြောင့် နှစ်(၂၀)အကြာမှာ လီဗာပူးလ်အသင်းက ချယ်လ်ဆီးပရိသတ်ပီတာခရော့ချ်ရဲ့ဂိုးတွေနဲ့ ချယ်လ်ဆီးကို ရှုံးကြွေးဆပ်တဲ့ပွဲလို့ ဆိုရမှာဖြစ်ပါတယ်။ ဒီပွဲကရတဲ့ငွေကြေးတွေကို LFC Foundation ရဲ့အစီအစဉ်အရ လီဗာပူးလ်မြို့ဝန်းကျင်မှာရှိတဲ့ ကျန်းမာရေးချို့တဲ့ပြီး လိုအပ်ချက်ရှိသူတွေကို ပေးလှူသွားမှာဖြစ်ကြောင်း သိရပါတယ်။