မြန်မာလိုဆိုရင် အနီးစပ်ဆုံး ပေါ့ပေါ့ပါးပါး ဒိတ်တင်းလုပ်ခြင်းလို့ ဘာသာပြန်နိုင်တဲ့ “Casual Dating” ဆိုတာ ဒီခေတ်မှာ ပိုပိုပြီးမြင်ရ ကြားရလာပါတယ်။ အတည်ရည်းစားမဟုတ်တဲ့အတွက် စိတ်ရှုပ်စရာမလိုတာ၊ လူရောစိတ်ပါ အများကြီး မြှုပ်နှံဲစရာမလိုတာကြောင့် Casual Dating ကို တော်တော်များများ လုပ်လာကြတာပါ။ ဒါပေမယ့် အစတည်းက သေချာစည်းတွေမထားထားရင် တွေဝေရတာ၊ အထိနာတာတွေ ဖြစ်နိုင်တာမို့ Casual Dating ရဲ့ တကယ့် အဓိပ္ပာယ်က ဘာလဲ၊ Casual Dating မလုပ်ခင်မှာ ဘာတွေသိထားသင့်လဲဆိုတာ ဖော်ပြပေးချင်ပါတယ်။
💬 Casual Dating ဆိုတာ ဘာလဲ?
အရိုးရှင်းဆုံး ဘာသာပြန်ရမယ်ဆိုရင် ရေရှည် ဆက်ဆံရေးအတွက် မျှော်လင့်ချက်မထားဘဲ ဒိတ်တင်းလုပ်ခြင်းပါ။ ဒါဟာ လူတိုင်းနဲ့ လိုက်ပြီး ကွဲပြားနိုင်ပေမယ့် ယေဘုယျအားဖြင့်
- တစ်ချိန်တည်းမှာ တစ်ယောက်ထက်ပိုပြီး ဒိတ်တင်းလုပ်တာ
- ခံစားချက်တွေမပါဘဲ တစ်ယောက်က်ို တစ်ယောက် ထဲထဲဝင်ဝင် မစွက်ဖက်တာ
- ကိုယ်ပိုင်လွတ်လပ်ခွင့် အပြည့်အဝရတာ စတာတွေ ပါပါတယ်။
ဒီလိုအချက်တွေကြောင့် Casual Dating လုပ်တဲ့အခါ တစ်ယောက်ခံစားချက်ကို တစ်ယောက် လုံးဝဂရုမစိုက်တာမျိုးတော့ မဟုတ်ပါဘူး။ မျှော်လင့်ချက်တွေ၊ ပြင်းထန်တဲ့ ခံစားချက်တွေ မပါဘဲ ပေါ့ပေါ့ပါးပါး ဒိတ်လုပ်တာ လို့လည်းဆိုနိုင်ပါတယ်။
Relationship မျှော်လင့်ချက်တွေမပါဘဲ လူတွေနဲ့ တွေ့နိုင်တာ၊ လမ်းခွဲပြီးစမှာ စိတ်ထွက်ပေါက်အနေနဲ့ ဒိတ်နိုင်တာ စတာတွေကြောင့် Casual Dating ကို ပုံမှန်ဒိတ်လုပ်တာထက် ပိုကြိုက်နှစ်သက်သူတွေလည်း ရှိပါတယ်။
🚫 ဒါတွေဟာ Casual Dating မဟုတ်ပါဘူး
Casual Dating လုပ်တာဟာ ပေါ့ပါးတာ မှန်ပေမယ့် ဒီလိုအပြုအမူတွေကိုတော့ လက်ခံလို့မရပါဘူး
❌ “လိုသုံး” ပုံစံ ဆက်ဆံတာ
❌ လိမ်ညာပြောတာ၊ Communication သေချာမလုပ်တာ၊ ရှောင်တာ
❌ မျှော်လင့်ချက် အမှားတွေပေးတာ
❌ ကိုယ်ချင်းစာစိတ်မရှိတဲ့ အပြုအမူ (Toxic behavior) နဲ့ မပြောမဆိုပျောက်သွားတာ (Ghosting)
ပေါ့ပေါ့ပါးပါး ဒိတ်တင်း လုပ်တယ်ဆိုပေမယ့် တစ်ဖက်လူအပေါ် ကိုယ်ချင်းစာစိတ်၊ ပွင့်လင်းမှုနဲ့ အလေးထားမှုကိုတော့ ပစ်ဖယ်ထားလို့ မရပါဘူးနော် …
✨Casual Dating လုပ်တော့မယ်ဆိုရင် ဒါတွေသိထားရပါမယ်
- စစချင်းတည်းက ကိုယ်လက်ခံနိုင်တာနဲ့ လက်မခံနိုင်တာကို ပွင့်ပွင့်လင်းလင်း ပြောထားပါ
- အကယ်၍ တစ်ဖက်ဖက်က ခံစားချက်တွေပါလာပြီဆိုရင် ချက်ချင်း ဆွေးနွေးပါ
- တစ်ဖက်လူရဲ့ စည်း (Boundaries) တွေကို အလေးထားပါ
- ကိုယ့်ခံစားချက်ကို တာဝန်ယူနိုင်ပါစေ (တစ်ဖက်လူကို ပုံချပြီး ဖြေရှင်းခိုင်းတာမျိုး မလုပ်သင့်ပါဘူး)
Casual Dating လုပ်လာကြသူတွေ များလာသည့်တိုင်အောင် ဒီလိုပုံစံမျိုး ဒိတ်တင်းလုပ်တာကို လက်မခံကြသူတွေလည်း ရှိပါတယ်။ လူတိုင်းက ကိုယ့်ခံယူချက်နဲ့ ကိုယ်ဖြစ်တာမို့ မှန်ကန်တဲ့ ဒိတ်တင်းလုပ်ခြင်းဆိုတာ မရှိပါဘူး။ Casual Dating က ဒိတ်လုပ်ဖို့ နည်းလမ်းတွေအများကြီးထဲက တစ်ခုသာဖြစ်တာမို့ ကိုယ်နဲ့ အဆင်ပြေဆုံး နည်းလမ်းကိုသာ ရှာဖွေစေချင်ပါတယ် …
Discussion