အခရာပရိသတ်ကြီးရေ.. ဒီတစ်ပတ်နဲ့ ရှေ့တစ်ပတ်များမှာလည်း အဖိုးတန်ရွှေပိတ်ရက်လေးတွေ လာဦးမှာမို့ ခရီးသွားမယ့်သူတွေ တန်းစီနေမယ်ထင်တယ်။ ခရီးသွားဖို့ နေရာ၊ ရက်နဲ့ ဘတ်ဂျတ်ကိုက်ပြီးရင်တော့ ပစ္စည်းတွေ ထည့်ရပါတော့မယ်။ ခရီးသွားဖို့အိတ် ဒါမှမဟုတ် Luggage ပြင်တဲ့အခါ အသုံးဝင်မယ့်အချက်လေးတွေ တွေ့ရှိထားတာလေး လက်တို့ပါရစေဦး။

လေယာဉ်နဲ့သွားမယ်ဆို Baggage Fees တွေ၊ လေကြောင်းလိုင်းက လက်ခံတဲ့ အကန့်အသတ်ကို စစ်ဆေးပါ။ မတော်တဆ Flight Cancel ဖြစ်သွားမယ်ဆိုရင်ရော ငါဒီအိတ်နဲ့ ဟိုဟိုဒီဒီလျှောက်သွားလို့ အဆင်ပြေမလား အဆုံးထိ စဉ်းစားသင့်ပါတယ်။ ကိုယ်သွားမှာ ခရီးရှည်လား၊ ခရီးတိုလား၊ အလုပ်နဲ့လား၊ အပန်းဖြေခရီးလားပေါ်မူတည်ပြီးလည်း ပစ္စည်းတွေ ထည့်သင့်ပါတယ်။

အကောင်းဆုံး ခရီးဆောင်အိတ်ရွေးချယ်ပါ

ပထမဆုံးတွေးရမှာက ခရီးဆောင်အိတ်ကြီးလေ၊ များများထည့်ချင်လေ ဖြစ်တဲ့ စိတ်ပါပဲ။ ခရီးသွားဖို့ အကောင်းဆုံးအိတ်ဆိုတာ မာကျောတောင့်တင်းပြီး ၂၂ လက်မထက် ပိုမရှည်တဲ့ အိတ်မျိုးဟာ အကောင်းဆုံးပါပဲ။ တချို့ပြည်တွင်းလေကြောင်းလိုင်းတွေရဲ့ စံသတ်မှတ်ချက် အိတ်ပုံစံကတော့ ၂၂လက်မအရှည်၊ ၁၄လက်မအကျယ်နဲ့ ၉လက်မအနက်ရှိတဲ့ အိတ်ဖြစ်ပါတယ်။ နိုင်ငံတကာလေကြောင်းလိုင်းတွေဆိုရင်တော့ ဒီထက်ပိုပြီး ခွင့်ပြုတတ်ပါတယ်။

လိုအပ်သလောက်ပဲ ထည့်ပါ

ဒါဟာ ခရီးသွားရာမှာ အပြောအများဆုံးနဲ့ အသုံးဝင်ဆုံးအကြံဉာဏ်ဖြစ်ပါတယ်။ သယ်သွားချင်တဲ့အရာမှန်သမျှကို နှစ်ကြိမ်မက ပြန်စဉ်းစားပါလို့ ခရီးသွား Blogger တစ်ယောက်က ပြောဖူးတဲ့အတိုင်း တစ်ခုခုကို ဝတ်မယ်ဆိုပြီး ထည့်လိုက်ပြီးတာနဲ့ နောက်တစ်ကြိမ် ငါတကယ်ပြန်ဝတ်ဖြစ်မှာလားလို့ စဉ်းစားကြည့်လိုက်ရင် အထုတ်ထဲ ထည့်ချင်တဲ့ဟာတွေ တော်တော်လျော့သွားမှာ အမှန်ပါပဲ။

၅၊ ၄၊ ၃၊၂၊ ၁ စည်းမျဉ်းကို အသုံးပြုပါ

ဒီစည်းမျဉ်းဟာ မိန်းကလေးတွေထက် ယောကျ်ားလေးတွေအတွက် ပိုအသုံးဝင်မှာပါ။ တစ်ပတ်လောက်ကြာမယ့် ခရီးရှည်အတွက် ဘာထည့်လို့ ထည့်ရမှန်းမသိရင် ခြေအိတ်နဲ့ အတွင်းခံ ၅စုံ၊ အကျီၤ ၄ထည်၊ ဘောင်းဘီ ၃ထည်၊ ဖိနပ် ၂ ရံနဲ့ ဦးထုပ် ၁လုံးဟာ တစ်ပတ်စာခရီးအတွက် အသင့်တော်ဆုံး ကွက်တိပါပဲတဲ့။ ဒီစာရင်းကို အခြေခံပြီးမှ ကိုယ်လိုအပ်တဲ့အရာတွေကို လိုတိုးပိုလျှော့လုပ်လို့ရသလို ရေကူးဝတ်စုံ၊အားကစားဝတ်စုံနဲ့ Suit တို့လည်း ခရီးပေါ်မူတည်ပြီး ထပ်ထည့်လို့ ရပါတယ်။

မိန်းကလေးတွေအတွက်ကျတော့ များများမထည့်နိုင်ရင် ခရီးမှာ ပင်မင်း Service ယူပါ။ ဖိနပ် ၂ရံယူသွားပါ၊ တစ်ရံက အလုပ်အတွက် ဒါမှမဟုတ် ပဲများဖို့ ဖြစ်ပြီး တစ်ရံကတော့ ပေါ့ပေါ့ပါးပါး စီးဖို့ပါ။ ညအိပ်ဝတ်စုံ ၂စုံ၊ တစ်နေ့စီအတွက် အတွင်းခံတစ်စုံစီ၊ ပြီးတော့ အပေါ်ဝတ်ဂျက်ကက်နဲ့ Cocktail dress လေးကလည်း မပါမဖြစ်ပေါ့၊ ဒါထက်ပိုပြီးတော့ အများကြီး မထည့်ပါနဲ့၊ ရက်ရှည်ဆို လျှော်တဲ့နေရာပို့ပြီး ပြန်ဝတ်လို့ ရပါတယ်။

Tetris ဂိမ်းကစားသလို အင်္ကျီထည့်ပါ

Tetris ဆော့ရင် နေရာလပ်မကျန်အောင် ဖြည့်ထည့်ရသလိုပဲ ခရီးဆောင်အိတ်ကိုလည်းနေရာလပ်မကျန်အောင် ဖြည့်ထည့်တဲ့နည်းနဲ့ အကျိုးရှိအောင် သုံးပါ။ အကျီ်တွေကို ခေါက်ပြီးသယ်သွားမယ့်အစား အလိပ်လေးတွေ လုပ်ပြီး သယ်သွားလို့ ရပါတယ်။ အဝတ်တွေကို တစ်ခုချင်းထပ်ပြီး လိပ်၊ အဲဒီ အဝတ်လိပ်ရဲ့ အလယ်မှာ အတွင်းခံနဲ့ တီရှပ်တွေ ထည့်ပြီးတော့ ကြိုးလေးနဲ့ချည်ပြီး သယ်သွားရင် နေရာစားတာ အတော်သက်သာတာတာ တွေ့ရမှာပါ။ ဘလေဇာကုတ်တွေနဲ့ ပွဲနေပွဲထိုင်အဝတ်အစားတွေလောက်ပဲ ခေါက်ပြီး အပေါ်မှာတင်ပါ။ ဖိနပ်တွေထဲကို ခြေအိတ်တွေ ထည့်သွားပါ။ နောက်ဆုံး ခေါက်ပဲခေါက်ခေါက်၊လိပ်ပဲလိပ်လိပ် အဓိကရည်ရွယ်ချက်ကတော့ ခရီးဆောင်အိတ်ထဲ နေရာလပ်မကျန်ထည့်နိုင်ဖို့ပါပဲ။

ခေါင်းလိမ်းဆီ၊ရှန်ပူစတာတွေကို အလွယ်တကူယူနိုင်တဲ့နေရာမှာ ထားပါ

Toiletries လို့ ခေါ်တဲ့ ရေချိုးခန်းသုံးပစ္စည်းတွေဟာ အိတ်ရဲ့ အပေါ်ဆုံး၊ ယူရလွယ်တဲ့နေရာမှာ အမြဲရှိသင့်ပါတယ်။ တချို့လေဆိပ်တွေမှာ ဒီလိုပစ္စည်းတွေဟာ အသေးစိတ်စေ့စေ့စပ်စပ် စစ်ဆေးခံရတဲ့ ပစ္စည်းတွေမို့ ယူရလွယ်အောင် အပေါ်ဆုံးမှာ သူတို့ကို သက်သက်စီ ခွဲပြီး ထည့်သင့်ပါတယ်။

ခရီးသွားတိုင်း လိုတဲ့ ပစ္စည်းမျိုးကို အပိုဝယ်ထားတာ အကောင်းဆုံးပါပဲ

ခုနလို ရေချိုးခန်းသုံး ပစ္စည်းမျိုးဆိုရင် သွားခါနီးမှ ရေချိုးခန်းထဲက သွားထုတ်ရင် ဟိုဟာမေ့ကျန်ခဲ့၊ ဒီဟာကျန်ခဲ့ ဖြစ်တတ်ပါတယ်။ ဒီတော့ အပိုတစ်စုံမှာ BB Cream တို့၊ Foundation တို့၊ Moisturizer နဲ့ Sunblock တို့ပါ ထည့် အိတ်နဲ့သက်သက်ထားပြီး ယူသွားတာ အကောင်းဆုံးပါပဲ။

ဒီအချက်လေးတွေဟာ ခရီးသွားမယ့် အခရာပရိသတ်ကြီးအတွက် အသုံးတည့်မယ်လို့ ယုံကြည်ပါတယ်။ အခရာပရိသတ်ကြီးသုံးတယ့် ခရီးဆောင်အိတ်ထည့်နည်းလေးတွေရှိရင်လည်း Comment Box မှာ မျှဝေပေးခဲ့ပါဦး။