ခရီးသွားတယ်ဆိုတာ တက်ကြွပြီး ပျော်စရာကောင်းတဲ့ အရာတစ်ခုပါ၊ စူးစမ်းစရာရှိတာတွေ စူးစမ်း၊ မှတ်တမ်းတင်စရာရှိတာတွေ တင်နဲ့ သိပ်ကို စိတ်လှုပ်ရှားဖို့ ကောင်းတဲ့ အစီအစဉ်တစ်ခုပေါ့။ ဒါပေမယ့် ဘယ်အရာမဆို ကန့်သတ်မှုတွေရှိသလို ခရီးသွားတဲ့နေရာမှာလည်း မလုပ်သင့်တာလေးတွေ ရှိပါတယ်။

ပုံမှန်အားဖြင့်တော့ သဘာဝကို ချစ်တဲ့ ခရီးသွားတစ်ယောက်အနေနဲ့ သဘာဝပတ်ဝန်းကျင်ကို ဖျက်ဆီးနိုင်မယ့် အမှိုက်ကို စည်းမဲ့ကမ်းမဲ့ ပစ်တာမျိုးတွေ မလုပ်သင့်ဘူးပေါ့။ ကိုယ်သွားရောက်လည်ပတ်ပြီး နှစ်အနည်းငယ်အတွင်းမှာ ပျက်စီးသွားတာမျိုး မဖြစ်ရလေအောင် ကိုယ်က စပြီး ထိန်းသိမ်းရပါမယ်။

ဘာလေးတွေ မလုပ်သင့်ဘူးလဲဆိုတာတော့…

၁။ တောရိုင်းတိရစ္ဆာန်တွေကို အစာမကျွေးပါနဲ့

ကိုယ့်မှာပါလာတဲ့ မနက်စာတွေကို ဘာလီက လူယဉ်တဲ့ မျောက်ကလေးတွေကို ကျွေးပြီး ဓာတ်ပုံတွေ ရိုက်ရင် Instagram မှာ တင်ဖို့ အမိုက်စား ပုံတစ်ပုံရနိုင်တယ်ဆိုပေမယ့် တကယ့်လက်တွေ့မှာတော့ အဲဒီလို မလုပ်သင့်ပါဘူး။  ဒီလို အစာကျွေးခြင်းဟာ သူတို့ကို လူယဉ်သွားစေတယ်၊ လူတွေကျွေးတဲ့အစားအသောက်တွေပေါ်ပဲ မှီခိုပြီး ကိုယ့်ဘာသာ ရှာမစားတတ်တာမျိုး ဖြစ်သွားစေပါတယ်။ နောက်တစ်ချက်က အဲဒီလို လူယဉ်နေတုန်းမှာတော့ အဆင်ပြေပေမယ့် အရိုင်းစိတ်ဝင်တဲ့အခါ ၊လူကို အန္တရာယ်ပြုမိတဲ့အခါ  သူတို့ကို သတ်ပစ်လိုက်ရတာမျိုးထိဖြစ်တတ်ပါတယ်။ နောက်ဆုံးတစ်ချက်ကတော့ လူတွေစားတဲ့ အစားအစာဟာ တောရိုင်းတိရစ္ဆာန်တွေအတွက်တော့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်မျိုး မဟုတ်ပါဘူး။ ဒါကြောင့်ပဲ နိုင်ငံတော်တော်များများမှာ တောရိုင်းတိရစ္ဆာန်တွေကို အစာကျွေးတဲ့ ကိစ္စကို တားမြစ်ထားတာ ဖြစ်ပါတယ်။

၂။ ခွင့်ပြုချက်မရဘဲ အခြားသူတွေကို ဓာတ်ပုံမရိုက်မိပါစေနဲ့

လူတိုင်းကိုယ့်ပုံကို ကိုယ်မသိဘဲ ဓာတ်ဖမ်းခံရတာ မကြိုက်ကြပါဘူး။ တကယ်လို့ အမျိုးသမီးတစ်ယောက်ဈေးမှာ သစ်သီးရောင်းနေတဲ့ ပုံဟာ ဓာတ်ပုံရိုက်ရင် သိပ်လှတဲ့ အကြောင်းအရာ ဖြစ်နိုင်ပေမယ့် သူ့ဘက်ကတော့ အဲဒီလို အရိုက်ခံဖို့ စိတ်ဝင်စားချင်မှ စိတ်ဝင်စားမှာပါ။ ဒါကြောင့် ဓာတ်ပုံမရိုက်ခင် ခွင့်ပြုချက်တောင်းခံပါ၊ ငြင်းလိုက်ရင်လည်း လက်ခံလိုက်ပါ။ တချို့ရိုးရာယဉ်ကျေးမှုတွေမှာ ဓာတ်ပုံရိုက်တာဟာလည်း အပြစ်တစ်ခုဖြစ်နေတတ်ပါတယ်။ အစ္စလာမ်မစ်နိုင်ငံတွေမှာဆိုရင် ဘာသာရေးအထိမ်းအမှတ်တွေနဲ့ အစ္စလာမ်အမျိုးသမီးတွေရဲ့မျက်နှာကို ဓာတ်ပုံရိုက်ယူခြင်းကို တားမြစ်ထားပါတယ်။

၃။ အမှိုက်မဖွပါနဲ့

ဒီအချက်ကတော့ ခရီးသွားမှ မဟုတ်ပါဘူး၊ လူတိုင်း စောင့်ထိန်းလိုက်နာသင့်တဲ့ စည်းကမ်းတစ်မျိုးလည်း ဖြစ်ပါတယ်။ လွယ်တာပဲ ဆိုပြီး အမှိုက်တွေကို ရေထဲ ဒါမှမဟုတ် မြေကြီးပေါ်ပစ်ချတာမျိုးဟာ လေးစားဖွယ်မရှိတဲ့ အပြုအမူမျိုးပါ။ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ အမှိုက်ပုံးများများစားစားမထားပေးတတ်တာနဲ့ Recycling center တွေ မရှိတတ်တဲ့အတွက် အမှိုက်ကို နည်းနိုင်သမျှ နည်းအောင် လုပ်ပေးတာဟာ အဓိကသော့ချက်ပါပဲ။ ရေဘူးတစ်ဘူးပြီး တစ်ဘူးဝယ်သောက်တာထက် ရှိပြီးသားရေဘူးထဲကိုပဲ ရေဖြည့်သောက်တာမျိုး၊ တောတောင်ထဲမှာလည်း တတ်နိုင်သမျှ အမှိုက်မချတာမျိုးနဲ့  သဘာဝပတ်ဝန်းကျင်ကို ကိုယ်တတ်နိုင်တဲ့ဘက်က ကူညီနိုင်ပါတယ်။

၄။ ဒေသထွက်တွေကို အားပေးပါ

ခရီးတစ်ခုသွားတဲ့အခါ ကိုယ့်မြို့ ကိုယ့်ဒေသမှာ စားနေကျအရာတွေကို လိုက်ရှာပြီးစားတာထက် ဒေသထွက် အစားအစာစားတာ၊ ဟိုတယ်အကြီးကြီးတွေထက် ဒေသခံတွေရဲ့ တည်းခိုအိမ်တွေမှာတည်းတာနဲ့ ဒေသထွက် အဝတ်အစားတွေ ဝယ်ယူတာမျိုးလုပ်သင့်ပါတယ်။ ဒါမှသာ သူတို့ရဲ့ ခရီးသွားလုပ်ငန်းကို အားပေးရာရောက်မှာပေ့ါ။

၅။ ဒေသခံတွေကို လေးစားမှုရှိပါ

နေရာသစ်တစ်ခုမှာ ယဉ်ကျေးမှုအသစ်တစ်ခုကို သင်ကြားစူးစမ်းတာ၊ ဒေသခံတွေ ဘယ်လိုနေလဲဆိုတာ လေ့လာတာဟာ ခရီးသွားလာခြင်းရဲ့ အရေးအကြီးဆုံးအစိတ်အပိုင်းတစ်ခုပေမယ့် လေးစားမှုတော့ ရှိဖို့လိုပါတယ်။ အာဖရိကန်လူမျိုးစုတစ်ခုကို တွေ့ချင်လို့ ရှာဖွေသွားကြည့်တာ ကောင်းပေမယ့် မျောက်ပွဲကြည့်သလို ကြည့်တာမျိုးကျတော့ ရိုင်းပျတဲ့ အပြုအမူဖြစ်သွားပါပြီ၊ သူတို့ဟာလည်း ကိုယ်လို လူသားတွေဆိုတာ မမေ့သင့်ပါဘူး။ ဒီတော့ ကိုယ့်ရဲ့ လမ်းညွှန် Guide စကားကိုနားထောင်ရင်း သွားမယ့် ဒေသရဲ့ ရိုးရာယဉ်ကျေးမှုနဲ့ လူတွေကို လေးစားမှုထားရပါမယ်။

အခရာ ခရီးသွားဝါသနာအိုး ပရိသတ်ကြီးအားလုံး စမတ်ကျကျ ခရီးသွားတတ်ကြပါစေ။