ချယ်လ်ဆီးအသင်းက လီဂီယာဝါဆောအသင်းကို (၃-ဝ)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ကွန်းဖရန့်လိဂ်ကွာတားဖိုင်နယ်(ပထမအကျော့)ပွဲစဉ်မှာ အင်္ဂလန်ကွင်းလယ်တိုက်စစ်ကစားသမား ကိုးလ်ပါမားကို လူစားလဲဖို့ သူတို့ကြိုတင်စီစဉ်ထားခဲ့တာလို့ ချယ်လ်ဆီးအသင်းနည်းပြ မာရက်စ်ကာက ပွဲအပြီးမီဒီယာတွေ့ဆုံမှုမှာ အတည်ပြုခဲ့ပါတယ်။
ဒီပွဲစဉ်ရဲ့ပထမပိုင်းအပြီးမှာ ချယ်လ်ဆီးအသင်းဟာ ကိုးလ်ပါမားရဲ့နေရာမှာ တောင်ပံကစားသမား မာဒူအက်ကေကို လူစားလဲခဲ့တာဖြစ်ပြီး လူစားဝင်လာခဲ့တဲ့ မာဒူအက်ကေက အသင်းအတွက်သွင်းဂိုး(၂)ဂိုးသွင်းယူပေးခဲ့တာပါ။
လီဂီယာဝါဆောအသင်းနဲ့ (ဝ-၀)ဂိုးစီသရေကျနေတဲ့ ပထမပိုင်းအပြီးမှာ ကိုးလ်ပါမားကို လူစားလဲခဲ့တာကြောင့် ချယ်လ်ဆီးအသင်းပရိသတ်တွေဟာ ထင်မြင်ချက်ကိုယ်စီရှိနေခဲ့ကြတာဖြစ်ပါတယ်။ ဒါပေမယ့် ချယ်လ်ဆီးအသင်းနည်းပြမာရက်စ်ကာက ကိုးလ်ပါမားကို လူစားလဲဖို့ သူတို့ကြိုတင်စီစဉ်ခဲ့တာလို့ ပြောပြီး ပရိသတ်တွေရဲ့ထင်မြင်ချက်တွေကို အဆုံးသတ်ခဲ့တာပါ။
မာရက်စ်ကာက"ကျွန်တော်တို့ ပါမားနဲ့ တိုဆင်ကို (၄၅)မိနစ်အပြီးမှာ လူစားလဲဖို့ စီစဉ်ခဲ့ပါတယ်။ ကျွန်တော်တို့ဟာ ပွဲအတွက်အကောင်းဆုံးကစားသမားတွေရရှိဖို့၊အချို့ကို အနားပေးပြီး စွမ်းအင်တွေပြန်လည်ရရှိအောင် အခွင့်အရေးပေးဖို့အတွက် ပွဲကိုစီစဉ်မှုတွေပြုလုပ်ခဲ့တာပါ"လို့ ဆိုခဲ့ပါတယ်။
ဒါ့အပြင် မာရက်စ်ကာက ဒီပွဲမှာ ချယ်လ်ဆီးအသင်းကြီးကစားသမားဘ၀ ပထမဆုံးသွင်းဂိုးသွင်းယူနိုင်ခဲ့တဲ့ အကယ်ဒမီထွက် ဂျော့ချ်ကို ချီးကျူးခဲ့ပြီး ကွင်းလယ်မှာကစားတာ သူ့အတွက် ပိုကောင်းတယ်လို့ ဆိုခဲ့တာပါ။ ချယ်လ်ဆီးအသင်းဟာ လီဂီယာဝါဆောအသင်းကို ဂိုးပြတ်အနိုင်ရရှိခဲ့တာကြောင့် ကွန်းဖရန့်လိဂ်ဆီမီးဖိုင်နယ်ကို တက်နိုင်ဖို့ သေချာသလောက်ရှိသွားပြီး ဒီပြိုင်ပွဲမှာ ချန်ပီယံဆုကိုရယူနိုင်မယ့်အသင်းအဖြစ် သတ်မှတ်ခြင်းခံထားရတာဖြစ်ပါတယ်။
Discussion