အေစီမီလန်အသင်းက ကိုမိုအသင်းကို (၂-၁)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ စီးရီးအေပွဲစဉ်မှာ အင်္ဂလန်ကွင်းလယ်လူဒယ်လီအယ်လီဟာ ကိုမိုအသင်းအတွက် ပွဲဦးထွက်ပါဝင်ခဲ့ပြီးနောက် (၁၀)မိနစ်အကြာမှာ အနီကတ်ပြထုတ်ပယ်ခံခဲ့ရပါတယ်။
ပြီးခဲ့တဲ့ ဆောင်းရာသီအပြောင်းအရွှေ့ကာလက ကိုမိုအသင်းထံ ပြောင်းရွှေ့လာခဲ့တဲ့ ဒယ်လီအယ်လီဟာ ဘောလုံးကွင်းထဲပြန်လာနိုင်ဖို့ (၂)နှစ်ကျော်ကြာစောင့်ဆိုင်းခဲ့ရတဲ့ ပထမဆုံးပွဲစဉ်မှာတင် အနီကတ်ပြသခြင်းခံခဲ့ရတာပါ။

ဒီပွဲစဉ်ရဲ့ပွဲချိန်(၈၁)မိနစ်မှာ ကိုမိုအသင်းအတွက် ပွဲဦးထွက်အဖြစ် လူစားလဲဝင်ရောက်လာခဲ့တဲ့ ဒယ်လီအယ်လီဟာ မိနစ်(၉၀)ပြည့်ပြီး ထပ်ဆောင်းအချိန်ပိုမှာ အေစီမီလန်အသင်းကွင်းလယ်လူ လော့ဖ်တပ်ချိခ်ကို ပြစ်ဒဏ်ကျူးလွန်ခဲ့တာကြောင့် ကနဦးအဝါကတ်ပြသခံခဲ့ရတာဖြစ်ပါတယ်။ဒါပေမယ့် VAR က စစ်ဆေးမှုတွေပြုလုပ်အပြီးမှာ ကွင်းလယ်ဒိုင်လူကြီးဟာ ဒယ်လီအယ်လီကို တိုက်ရိုက်အနီကတ်ပြပြီး ထုတ်ပယ်ခဲ့တာပါ။

ဒယ်လီအယ်လီကို အနီကတ်ပြသချိန်မှာ အေစီမီလန်အသင်းမှာ ကစားနေတဲ့ သူ့ရဲ့အင်္ဂလန်အသင်းဖော်ဟောင်း ဝေါ်လ်ကာက ဆုံးဖြတ်ချက်ကို ပြန်လည်သုံးသပ်ပေးဖို့ ကွင်းလယ်ဒိုင်လူကြီးကို တောင်းဆိုခဲ့ပါတယ်။ ကိုမိုအသင်းနည်းပြ ဖာဘရီဂတ်စ်က ဒယ်လီအယ်လီလို အတွေ့အကြုံရှိတဲ့ ကစားသမားတစ်ဦးဆီကနေ မမြင်သင့်တဲ့ ကြီးမားတဲ့အမှားကို တွေ့ခဲ့ရပြီး သူဟာ တိုးတက်ဖို့ အများကြီးရှိတယ်လို့ ပွဲအပြီးမီဒီယာတွေ့ဆုံမှုမှာ မှတ်ချက်ပေးခဲ့ပါတယ်။
ဒယ်လီအယ်လီအနေနဲ့ တိုက်ရိုက်အနီကတ်ကြောင့် လာမယ့်ကိုမိုအသင်းရဲ့ပွဲစဉ်တွေမှာ ပွဲပယ်ပြစ်ဒဏ်ကျခံရတော့မှာဖြစ်ပြီး ပွဲပြန်ကစားခွင့်ရနိုင်မယ့် အခွင့်အရေးအတွက် ပိုပြီးကြိုးစားရဖို့ ရှိနေပါတယ်။ ပြီးခဲ့တဲ့ရာသီက စီးရီးအေပြိုင်ပွဲထံ တန်းတက်လာခဲ့တဲ့ ကိုမိုအသင်းဟာ ဒီရာသီပွဲစဉ်(၂၉)ပွဲကစားအပြီးမှာ ရမှတ်(၂၉)မှတ်နဲ့ အမှတ်ပေးဇယားအဆင့်(၁၃)နေရာမှာ ရပ်တည်နေပါတယ်။
Discussion