ပြင်သစ်အသင်းက ခရိုအေးရှားအသင်းကို (ဝ-၂)ဂိုးနဲ့ အရေးနိမ့်ခဲ့တဲ့ UEFA Nations League ကွာတားဖိုင်နယ်ပထမအကျော့ပွဲစဉ်ရဲ့ပထမပိုင်းအပြီးမှာ ပြင်သစ်နောက်ခံလူကိုနာတေး ဒဏ်ရာကြောင့် လူစားလဲခံခဲ့ရပြီး လီဗာပူးလ်အသင်းဟာ နိုင်ငံတကာပွဲတွေယှဉ်ပြိုင်ချိန်အတွင်းမှာ ဒဏ်ရာရသူအသင်းသားတွေအတွက် စိုးရိမ်နေရပါတယ်။

ကိုနာတေးဟာ ဒီပွဲမှာ သူ့ရဲ့လက်ထိဘောကြောင့် ခရိုအေးရှားအသင်းဘက်ကို ပယ်နယ်တီပေးခဲ့ရသလို ဒဏ်ရာရခဲ့တဲ့အတွက် ပထမပိုင်းအပြီးမှာ ဘိုင်ယန်မြူးနစ်နောက်ခံလူ အူပါမီကာနိုနဲ့ လူစားလဲခံခဲ့ရတာပါ။

ပြင်သစ်အသင်းဟာ ဒီပွဲရဲ့ပထမပိုင်းမှာကတည်းက ခရိုအေးရှားအသင်းဘက်ကို သွင်းဂိုး(၂)ဂိုးစလုံးခွင့်ပြုခဲ့ရပြီး ဒုတိယပိုင်းမှာ ချေပဂိုးပြန်မသွင်းယူနိုင်ခဲ့တာကြောင့် ရှုံးပွဲကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။ ပြင်သစ်အသင်းအတွက် (၂၂)ပွဲပါဝင်ကစားထားတဲ့ ကိုနာတေးဟာ ဒဏ်ရာကြောင့် အရေးကြီးတဲ့ ဒုတိယအကျော့ပွဲစဉ်မှာ ပါဝင်နိုင်ဖို့ မသေချာဘူးလို့ သိရပါတယ်။ ကိုနာတေးရဲ့ဒဏ်ရာအခြေအနေဟာ ပရီးမီးယားလိဂ်ဖလားကို ရယူနိုင်ဖို့အတွက် အမှားခံလို့မရတဲ့ လီဗာပူးလ်အသင်းအတွက် စိုးရိမ်စရာရှိလာခဲ့ရတာပါ။

ကိုနာတေးဟာ ဒီရာသီမှာ လီဗာပူးလ်အသင်းအတွက် ပရီးမီးယားလိဂ်(၂၂)ပွဲ ပွဲထွက်လူစာရင်းပါဝင်ခွင့်ရခဲ့ပြီး ဒတ်ချ်နောက်ခံလူ ဗန်ဒိုက်နဲ့အတွဲအဖက်ညီစွာ ကစားနေခဲ့တာဖြစ်ပါတယ်။ လီဗာပူးလ်အသင်းဟာ ကိုနာတေးမတိုင်ခင် အဓိကကွင်းလယ်လူ ဂရာဗန်ဘာ့ချ်ရဲ့ဒဏ်ရာအခြေအနေအတွက် စိုးရိမ်နေရတာပါ။ ဂရာဗန်ဘာ့ချ်ဟာ ဒဏ်ရာကြောင့် နယ်သာလန်လက်ရွေးစင်လူစာရင်းကနေ နုတ်ထွက်ထားတာဖြစ်ပါတယ်။

ဂရာဗန်ဘာ့ချ်ဟာ နယူးကာဆယ်အသင်းကို အရေးနိမ့်ခဲ့တဲ့ ကာရာဘောင်းလိဂ်ဖလားဗိုလ်လုပွဲမှာ ကြွက်သားဒဏ်ရာရရှိခဲ့တာပါ။ လီဗာပူးလ်အသင်းဟာ ဒီရာသီပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အမှတ်ပေးဇယားအဆင့်(၂)နေရာက အာဆင်နယ်အသင်းကို (၁၂)မှတ်ဖြတ်ပြီး အဆင့်(၁)နေရာမှာ ရပ်တည်နေပါတယ်။ လီဗာပူးလ်အသင်းဟာ ဧပြီ(၂)ရက်မှာ အဲဗာတန်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။