ကိုယ့်ကိုယ်ကို ပေးနိုင်တဲ့ အကောင်းဆုံး လက်ဆောင် (သို့) စိတ်လုံခြုံမှု
မိမိကိုယ်ကို ပေးတဲ့ စိတ်လုံခြုံမှုဆိုတာ ကိုယ်တိုင်တည်ဆောက်နိုင်တဲ့ တန်ဖိုးရှိတဲ့ အရာတစ်ခုပါ။ ဒီလိုစိတ်လုံခြုံကို အဓိဟ္ပယ်ဖွင့်ဆိုရရင် ဘယ်သူမှ ရှိမနေ၊ စောင့်ကြည့်မနေရင်တောင် ကိုယ့်ကိုယ်ကို အကောင်းဆုံး ထားခြင်းလို့ ပြောနိုင်ပါတယ်။ ဒီလိုထားဖို့အတွက်လည်း ကြီးကြီးမားမားတွေ လုပ်ဖို့ မလိုအပ်ပါဘူး။ နေ့စဥ် လုပ်နေကျ အရာတွေကို ဂရုတစိုက် အလေးထားပြုလုပ်နိုင်ရင် စိတ်လုံခြုံမှုကလည်း အလိုလို ဖြစ်လာမှာပါ။
(၁) ဘယ်လောက်ပဲ သေးငယ်ပါစေ ကိုယ့်ကိုယ်ကို ပေးတဲ့ ကတိတွေကို တည်ပါ
“ဒီညနေတော့ လမ်းထွက်လျှောက်မယ်” လို့ တွေးထားတယ်ဆိုရင် ငါးမိနစ်လောက်ဖြစ်ဖြစ် ထွက်လျှောက်လိုက်တာဟာ ကိုယ့်စကားကို အလေးထားရာ ရောက်ပါတယ်။ ဒီလို အပြုအမူမျိုးက သေးငယ်တယ်လို့ ထင်နိုင်ပေမယ့် မိမိကိုယ်ကို အားထားမှု၊ ယုံကြည်မှုကိုတိုးစေပြီး စိတ်လုံခြုံမှုကိုပါ အစပျိုးပေးပါတယ်။ အမြဲတမ်း အကောင်းဆုံးဖြစ်နေစရာမလိုပါဘူး။ လွယ်ကူရိုးရှင်းတဲ့ အပြုအမူတွေက ကိုယ့်စိတ်အတွက် အများကြီး အကျိုးဖြစ်စေတာကို တွေ့ရမှာပါ။
✅လုပ်ရလွယ်တဲ့ “မနက်နိုးတိုင်း ဖုန်းအရင်မကြည့်ဘဲ မျက်နှာအရင်သစ်မယ်” သို့ “ဒီနေ့ စာ (၁)နာရီတော့ အနည်းဆုံး လုပ်မယ်” စတာမျိုးနဲ့ အရင်စလုပ်ကြည့်ပါ။
(၂) အိပ်ရာဝင်ခါနီးတိုင်း တူညီတဲ့ လုပ်ရိုးလုပ်စဥ်တစ်ခု သတ်မှတ်ပါ
လွယ်ကူပြီး အချိန်အများကြီး မပေးရတဲ့ အပြုအမူမျိုးတွေနဲ့ စကြည့်ပါ။ အိပ်ခါနီးတိုင်း မျက်နှာသစ်တာ၊ (၃) မိနစ်လောက် အချိန်ပေးပြီး စာရေးတာ (Journaling) ဒါမှမဟုတ် မီးမှိန်မှိန်ထွန်းပြီး တရားထိုင်တာ စတဲ့ လုပ်ရိုးလုပ်စဥ်တစ်ခု ထားပြီး ညတိုင်းလုပ်ကြည့်နိုင်ပါတယ်။ ဒီလိုလုပ်ခြင်းဟာ တစ်နေ့တာတာဝန်တွေနဲ့ အနားယူချိန် နှစ်ခုကို ကန့်သတ်စေပြီး စိတ်ကို အနားရစေပါတယ်။ နေ့ရက်တိုင်းက ဒီလိုပဲ ပြီးသွားတယ် ဆိုတဲ့ ခံစားချက်မျိုး မဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။
🌙 ခမ်းခမ်းနားနား ဖြစ်စရာမလိုပါဘူး။ ရိုးရှင်းပြီး ကိုယ့်စိတ်ကို အနားရစေမယ့် အပြုအမူ (၂) ခု၊ (၃) ခုကိုသာ မှန်မှန်လုပ်ပေးဖို့ လိုပါတယ်နော်။
(၃) အကြောင်းပြချက်မရှိဘဲ ကိုယ့်ကိုယ်ကို အနားပေးတဲ့အကျင့် လုပ်ပါ
အလုပ်လုပ်နေရင်း ထနားချင်စိတ်ပေါက်လာရင် အကြောင်းပြချက်မရှိဘဲ မိမိကိုယ်ကို အနားပေးကြည့်ပါ။ တစ်ခါတစ်ရံ စိတ်တင်းထားရတာ၊ စဥ်းစားရတာတွေများလို့ ခန္ဓာကိုယ်က အချက်ပြတဲ့အခါ အနားယူဖို့ မမေ့ပါနဲ့။
ကိစ္စကြီးကြီးမားမား ဖြစ်မြောက်သွားမှ၊ နေ့မအား ညမနား အလုပ်လုပ်နေမှ နားခွင့်ရှိတာ မဟုတ်ပါဘူး။ နေ့စဥ်တာဝန်တွေကနေလည်း ဖိအားတွေရှိတာမို့ ခဏတာ အနားယူဖို့ မတွန့်ဆုတ်ပါနဲ့။
(၄) ကိုယ့်ကိုယ်ကို အဆင်ပြေရဲ့လား စစ်ဆေးပါ
မိသားစုနဲ့ သူငယ်ချင်းတွေကို ဂရုတစိုက် “အဆင်ပြေရဲ့လား” မေးတတ်ကြပေမယ့် မိမိကိုယ်ကို မေးဖို့တော့ သတိမရတတ်ကြပါဘူး။ ကိုယ့်ကိုယ်ကို ဂရုစိုက်မှု ပြသဖို့ ဒီလိုမေးခွန်းမျိုးတွေ မေးကြည့်နိုင်ပါတယ်
- ငါအခု ဘာလိုအပ်နေလဲ
- ဒီနေ့လုပ်ခဲ့သမျှထဲမှာ ကိုယ့်ကိုယ်ကို ဂုဏ်ယူစရာဘာရှိလဲ (သေးသေးလေးပဲ ဖြစ်ဖြစ်)
- (မကောင်းတဲ့ အတွေးတွေးမိတိုင်း) ဒါက တကယ်ပဲမှန်သလား? ဒါမှမဟုတ် အကျင့်ဖြစ်လို့ တွေးမိနေတာလား?
ဒီလို မေးခွန်းပြန်ထုတ်ခြင်းဟာ ကိုယ့်ကိုယ်ကို ဝေဖန်တတ်တဲ့ အတွေးတွေကို မှေးမှိန်စေပြီး ကြင်နာမှုကို မြှင့်တင်ပေးရာ ရောက်ပါတယ်။ စိတ်လုံခြုံမှု ဖြစ်စေဖို့ တွန်းအားပေးတဲ့ အရာတွေထဲက အမူအကျင့်တစ်ခုပါပဲ။
(၅) ကိုယ်တန်ဖိုးထားတဲ့ အရာတစ်ခု ထားရှိပါ
အကြိုက်ဆုံး သီချင်းစုစည်းမှု (Playlist) တစ်ခုဖြစ်ဖြစ်၊ အကြိုက်ဆုံး ပေါ့ဒ်ကတ်စ် နားထောင်ပြီး လမ်းလျှောက်ထွက်တာဖြစ်ဖြစ်၊ မကျွမ်းကျင်ပေမယ့် လုပ်ရတာကြိုက်တဲ့ ဝါသနာတစ်ခုဖြစ်ဖြစ် ကိုယ့်အတွက်လို့ ခံစားရတဲ့ အရာတစ်ခုခုရှိခြင်းဟာ ကိုယ့်ရဲ့ အာရုံကြော ဖွဲ့စည်းမှုစနစ် (Nervous System) ကို အေးချမ်းမှုပေးပြီး စိတ်လုံခြုံမှုဖြစ်စေပါတယ်။
(၆) ကိုယ့်စိတ်ကို လူတိုင်း (အရာတိုင်း) ကို မပေးမိပါစေနဲ့
စိတ်လုံခြုံမှုက ကိုယ့်ကိုယ်ကို ပေးတတ်ဖို့လည်း လိုသလို စိတ်မလုံခြုံစေတဲ့ အရာတွေကနေလည်း တားဆီးတတ်ဖို့ လိုပါတယ်။
- စိတ်ပင်ပန်းစရာတွေပေးတဲ့လူတွေနဲ့ အဆက်အသွယ်မလုပ်တာ
- ပို့သမျှ စာတိုင်းကို ချက်ချင်းမပြန်တာ
- တချို့အကြောင်းအရာတွေကို “အခု အဲ့အကြောင်းပြောဖို့ အဆင်မပြေသေးဘူး” လို့ပြောတာ စတာမျိုးတွေနဲ့ ကိုယ့်စိတ်ကို ကာကွယ်နိုင်ပါတယ်။
ကိုယ့်စိတ်စွမ်းအား (energy) ဆိုတာ တန်ဖိုးကြီးပါတယ်။ ဒါကို အရေးမကြီးတဲ့ အရာတွေကနေ ကာကွယ်နိုင်မှသာ စိတ်လုံခြုံမှုလည်း ရှိနိုင်မှာပါ။
စိတ်လုံခြုံမှု၊ မိမိကိုယ်ကို ယုံကြည်မှု စတာတွေက လုပ်ရပ်အကြီးကြီးတွေကနေပဲ ရနိုင်တဲ့ စကားလုံးအကြီးကြီးတွေလို့ ထင်ရနိုင်ပါတယ်။ အလုပ်ကောင်းကောင်းရှိမှ၊ လက်တွဲဖော်ကောင်းကောင်းရထားမှ၊ စိတ်ဒဏ်ရာတွေကနေ လုံးဝရုန်းထွက်နိုင်မှ စိတ်လုံခြုံမှု ရနိုင်တာ မဟုတ်ပါဘူး။ အခု လက်ရှိအခြေအနေမှာ နေ့စဥ် လုပ်ရပ်သေးသေးတွေကနေလည်း ရနိုင်ပါတယ်။ အပြင်အရာတွေကနေ ရတာထက် မိမိကိုယ်ကို ပေးတဲ့ စိတ်လုံခြုံမှုက လုယူလို့ မရနိုင်တာမို့ ဖြည်းဖြည်းချင်း တည်ဆောက်သွားကြပါစို့ …