အင်္ဂလန်ဘောလုံးလိဂ်အသင်း(၉၂)သင်းထဲမှာ လိဂ်ဝမ်းမှာ ကစားနေတဲ့ ရက်ဒင်းအသင်းဟာ ပြိုင်ပွဲကနေ ထုတ်ပယ်ခံရတော့မယ့်အခြေအနေတစ်ရပ်ကို ရင်ဆိုင်နေရပါတယ်။
ရက်ဒင်းအသင်းကို လာမယ့်ဧပြီ(၄)ရက်နေ့ နောက်ဆုံးထားပြီးရောင်းချဖို့ အသင်းပိုင်ရှင်ဖြစ်သူကို လန်ဒန်မြို့ရှိ ငွေရေးကြေးရေးဆိုင်ရာတရားရုံးက အမိန့်ချမှတ်ခဲ့ပါတယ်။
ရက်ဒင်းအသင်းကို တရုတ်လူမျိုးစီးပွားရေးသမားတစ်ဦးဖြစ်တဲ့ ဒိုင်ယောင်ဂီက ဝယ်ယူထားတာဖြစ်ပြီး သူ့အနေနဲ့ အင်္ဂလန်ဘောလုံးလိဂ်က ချမှတ်ထားတဲ့ ပိုင်ရှင်နဲ့ဒါရိုက်တာများစည်းမျဉ်းသတ်မှတ်ချက်အရ အသင်းပိုင်ရှင်ဖြစ်ဖို့ ပြည့်စုံလုံလောက်တဲ့အနေအထားမရှိဘူးလို့ တရားသူကြီးက ဆုံးဖြတ်ခဲ့ပါတယ်။

တကယ်လို့ အသင်းပိုင်ရှင်ဖြစ်သူက အသင်းကို ရောင်းချနိုင်ခြင်းမရှိဘူးဆိုရင် ရက်ဒင်းအသင်းကို အင်္ဂလန်ဘောလုံးလိဂ်ပြိုင်ပွဲက ထုတ်ပယ်သွားမှာဖြစ်ကြောင်း သတင်းတွေက ဖော်ပြကြပါတယ်။
အင်္ဂလန်ဘောလုံးလိဂ်(EFL)က ထုတ်ပြန်ခဲ့တဲ့ကြေညာချက်မှာတော့"အကယ်၍ အသင်းပိုင်ရှင်ဖြစ်သူအနေနဲ့ သတ်မှတ်ထားတဲ့အချိန်ကာလအတွင်းမှာ လုပ်ဆောင်(အသင်းကိုရောင်းချခြင်း)ဖို့ ပျက်ကွက်မယ်ဆိုရင် အင်္ဂလန်ဘောလုံးလိဂ်အနေနဲ့ စည်းမျဉ်းသတ်မှတ်ချက်ဘောင်ထဲကနေ အရေးယူလို့ရသမျှကို အရေးယူသွားမယ်"လို့ ဖော်ပြပါရှိပါတယ်။
ဒီလိုရေးသားထားတာက EFL အနေနဲ့ ရက်ဒင်းအသင်းကို ပြိုင်ပွဲက ထုတ်ပယ်ဖို့အထိ စဉ်းစားထားတာဖြစ်တယ်လို့ မီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။

ဒိုင်ယောင်ဂီဟာ ၂၀၁၆ ခုနှစ်ကတည်းက သူ့ရဲ့ညီမဖြစ်သူ ဒိုင်ရှိုလီနဲ့အတူ ရက်ဒင်းအသင်းရဲ့ရှယ်ယာတွေကို ဝယ်ယူခဲ့ပြီး သူ့လက်ထက်မှာ ကလပ်အသင်းဟာ ငွေကြေးစီမံခန့်ခွဲမှုဆိုင်ရာအလွဲအမှားတွေရှိခဲ့လို့ EFL ရဲ့ရမှတ်လျှော့အရေးယူမှုတွေကိုခံခဲ့ရပါတယ်။

ဒါကြောင့် ရက်ဒင်းပရိသတ်တွေကိုယ်တိုင်က သူ့ကို အသင်းကထွက်သွားဖို့ ဆန္ဒပြခဲ့ကြပြီး ၂၀၂၄ ခုနှစ်က ပရိသတ်ထောင်ချီပြီး ကွင်းထဲဝင်ကာ ဒိုင်ယောင်ဂီကို ဆန့်ကျင်ကန့်ကွက်မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။
ဒါကြောင့် စီမံခန့်ခွဲမှုအလွဲအမှားတွေနဲ့ ရက်ဒင်းအသင်းကို လိဂ်ဝမ်းအထိရောက်ရှိစေခဲ့တဲ့ ဒိုင်ယောင်ဂီ ဘယ်လိုရှေ့ဆက်မလဲဆိုတာ ဆက်ကြည့်ရပါမယ်။
Discussion