စပါးအသင်းနည်းပြပိုစတီကိုဂလူးက ဒီရာသီအသင်းရဲ့ကလပ်အတွင်းထဲမှာ သတင်းပေါက်ကြားအောင်လုပ်တဲ့သူရှိတယ်ဆိုတာ သံသယဖြစ်စရာမရှိဘူးလို့ မီဒီယာသမားတွေနဲ့ တွေ့ဆုံချိန်မှာ ဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့ စပါးအသင်းနဲ့ ဖရန့်ဖတ်အသင်းတို့(၁-၁)ဂိုးစီသရေကျခဲ့တဲ့ ယူရိုပါလိဂ်ကွာတားဖိုင်နယ်(ပထမအကျော့)ပွဲစဉ်မတိုင်မီ ဆိုရှယ်မီဒီယာတွေပေါ်မှာ စပါးအသင်းတောင်ပံကစားသမား အိုဒိုဘတ်ဟာ ဒီပွဲစဉ်ကို လွဲချော်မယ်လို့ဖော်ပြထားတာပါ။

အသက်(၂၀)နှစ်အရွယ်ရှိအိုဒိုဘတ်ဟာ ဒီပွဲစဉ်မှာ စပါးအသင်းရဲ့လူစာရင်းထဲပါဝင်ခဲ့ပေမယ့် လူစားလဲအဖြစ်တောင် ပါဝင်ခွင့်မရခဲ့တာဖြစ်ပါတယ်။ စပါးအသင်းနည်းပြပိုစတီကိုဂလူးဟာ ဒီလိုသတင်းတွေပေါက်ကြားနေမှုကို စိတ်ပျက်နေခဲ့တာပါ။

ပိုစတီကိုဂလူးက"ကျွန်တော်တို့ကလပ်ထဲမှာ သတင်းပေါက်ကြားအောင်လုပ်တဲ့သူရှိတယ်ဆိုတာ သံသယဖြစ်စရာမရှိပါဘူး။ တစ်စုံတစ်ဦးက သတင်းအချက်အလက်တွေပေါက်ကြားအောင်လုပ်နေပြီး ဒါတွေက တစ်နှစ်ပတ်လုံးဖြစ်နေတာပါ။ သတင်းလုံအောင်လုပ်နိုင်ပြီလို့ထင်ခဲ့ပေမယ့် မတူညီတဲ့အချိန်တွေမှာ သတင်းတွေထွက်နေတုန်းပါ"လို့ ဆိုခဲ့တာပါ။

ဒါ့အပြင် စပါးအသင်းနည်းပြပိုစတီကိုဂလူးက ဒီလိုသတင်းတွေပေါက်ကြားအောင် လုပ်တဲ့သူတွေဟာ ကစားသမားတွေ ဒါမှမဟုတ် အေးဂျင့်တွေမဟုတ်ဘူးလို့လည်း ဆိုခဲ့ပါတယ်။ ဒီရာသီမှာရလဒ်တွေဆိုးနေတဲ့ စပါးအသင်းဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့်(၁၄)နေရာမှာ ရပ်တည်နေပြီး ဧပြီ(၁၃)ရက်မှာ လိဂ်ပွဲစဉ်အဖြစ် ဝုလ်ဗ်စ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။