၁၉၉၄ ခုနှစ်မှာ အသင်းအရေအတွက် (၂၄)သင်းနဲ့ ကျင်းပခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲဟာ ၁၉၉၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အသင်းအရေအတွက် (၃၂)သင်းဖြစ်လာပါတယ်။
၁၉၉၈၊ ၂၀၀၂၊ ၂၀၀၆၊ ၂၀၁၀၊ ၂၀၁၄၊ ၂၀၁၈၊ ၂၀၂၂ ပြိုင်ပွဲတွေမှာ ပြိုင်ပွဲဝင်အသင်းအရေအတွက် (၃၂)သင်းနဲ့ ကျင်းပခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲဟာ လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာတော့ ပြိုင်ပွဲဝင်အသင်း(၄၈)သင်းဖြစ်လာမှာပါ။
နှစ်ပေါင်း(၃၂)နှစ်အတွင်း ပြိုင်ပွဲဝင်အသင်း(၂)ဆ(၂၄ သင်းကနေ ၄၈ သင်း)ဖြစ်လာတဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲဟာ လာမယ့် ၂၀၃၀ ပြိုင်ပွဲမှာ (၆၄)သင်းအထိတိုးလာမယ့် အလားအလာမှာရှိနေပါတယ်။
လတ်တလောထွက်ပေါ်လာတဲ့သတင်းတွေအရ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)ဟာ ၂၀၃၀ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အသင်း(၆၄)သင်းနဲ့ ကျင်းပမယ့်အဆိုကို လက်ခံသုံးသပ်သွားဖို့ ပြင်ဆင်နေတယ်လို့ဆိုပါတယ်။
၂၀၃၀ ကမ္ဘာ့ဖလားပြိုင်ပွဲက အိမ်ရှင်နိုင်ငံတွေထွက်ပေါ်ထားပြီး ကျင်းပဖို့ အစီအစဉ်တချို့လည်းရေးဆွဲထားပြီးသားပါ။ အဓိကပူးတွဲအိမ်ရှင်နိုင်ငံတွေအဖြစ် မော်ရိုကို၊ ပေါ်တူဂီ၊ စပိန်နိုင်ငံတွေက အိမ်ရှင်အဖြစ်ကျင်းပပြီး တောင်အမေရိကက အာဂျင်တီးနား၊ ပါရာဂွေး၊ ဥရုဂွေးနိုင်ငံတွေက ကမ္ဘာ့ဖလား ရာပြည့်နှစ် အထိမ်းအမှတ်အဖြစ် (၃)ပွဲကို လက်ခံကစားသွားဖို့ စီစဉ်ထားတာပါ။
၂၀၃၀ ကမ္ဘာ့ဖလားပြိုင်ပွဲဟာ ၁၉၃၀ ခုနှစ်မှာ စတင်ခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲ နှစ်(၁၀၀)ပြည့်မြောက်တဲ့ပြိုင်ပွဲလည်းဖြစ်ပါတယ်။ ဒါကြောင့် ဖီဖာက ရာပြည့်နှစ်မှာ နောက်ထပ်ထူးခြားတဲ့အစီအစဉ်အဖြစ် (၆၄)သင်းပြိုင်ပွဲဖြစ်လာဖို့ စဉ်းစားနေတာပါ။
ပြိုင်ပွဲဝင်အသင်းများလာတာနဲ့အမျှ ခြေစစ်ပွဲအောင်အသင်းများလာပြီး ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ပြိုင်ဖူးတဲ့အသင်းတွေများလာနိုင်ပေမယ့် ပြိုင်ပွဲရဲ့အရည်အသွေးကျဆင်းသွားမှာလည်း စိုးရိမ်စရာကောင်းနေပါတယ်။
(၃၂)သင်းပြိုင်ပွဲဖြစ်ခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲကနေ နောင်(၈)နှစ်အကြာမှာပဲ ပြိုင်ပွဲဝင်အသင်း(၂)ဆတိုးမယ့် (၆၄)သင်း ကမ္ဘာ့ဖလားပြိုင်ပွဲကို တွေ့မြင်ရမလားဆိုတာကတော့ စိတ်ဝင်စားစရာပါပဲ ...
Discussion