ပရီးမီးယားလိဂ်တန်းတက်ခွင့်တစ်နေရာအတွက် ချန်ပီယံရှစ်အသင်း(၄)သင်းပြိုင်ပွဲဝင်နေတဲ့ 2025 EFL Championship play-off ပြိုင်ပွဲမှာ ရှက်ဖီးယူနိုက်တက်အသင်းနဲ့ ဆန်းဒါးလန်းအသင်းတို့ ဗိုလ်လုပွဲကို တက်ရောက်လာခဲ့ပါတယ်။
ဒီနှစ်သင်းရဲ့ဗိုလ်လုပွဲကို လာမယ့် မေလ(၂၄)ရက်နေ့မှာ လန်ဒန်မြို့က ဝင်ဘလေကွင်းမှာ ကျင်းပသွားမှာဖြစ်ပါတယ်။

ဆီမီးဖိုင်နယ်အဆင့်မှာ ရှက်ဖီးယူနိုက်တက်အသင်းက ဘရစ္စတိုးလ်စီးတီးအသင်းကို နှစ်ကျော့စလုံး(၃-၀)ဂိုးတွေနဲ့ အနိုင်ယူခဲ့ပြီးနောက် နှစ်ကျော့ပေါင်း(၆-၀)ရလဒ်နဲ့ ပြတ်ပြတ်သားသားကျော်ဖြတ်ကာ ဗိုလ်လုပွဲကိုတက်ရောက်လာခဲ့တာပါ။
ဆန်းဒါးလန်းအသင်းက ကိုဗင်ထရီအသင်းကို ပထမအကျော့အဝေးကွင်းမှာ (၂-၁)ဂိုးနဲ့ အနိုင်ရခဲ့ပေမယ့် ဒုတိယအကျော့မှာ (၀-၁)ဂိုးနဲ့ ပြန်ရှုံးခဲ့တာကြောင့် နှစ်ကျော့ပေါင်း(၂-၂)ဖြစ်ခဲ့ပြီး အချိန်ပိုကစားခဲ့ရပါတယ်။ အချိန်ပိုနောက်ဆုံးမိနစ်ဖြစ်တဲ့ (၁၂၀+၂)မိနစ်မှာ ဆန်းဒါးလန်းနောက်ခံလူ ဘောလက်က အဖိုးတန်ဂိုးသွင်းခဲ့လို့ နှစ်ကျော့ပေါင်း (၃-၂)ဂိုးနဲ့ ဆန်းဒါးလန်းအသင်း ဗိုလ်လုပွဲတက်ခဲ့တာပါ။

ချယ်လ်ဆီးကွင်းလယ်လူဟောင်း လမ်းပတ်ကိုင်တွယ်နေတဲ့ ကိုဗင်ထရီအသင်း နောက်ဆုံးမိနစ်မှ တန်းတက်ခွင့်နဲ့လွဲခဲ့ရပြီး လမ်းပတ်ကို ပရီးမီးယားလိဂ်မှာ တဖန်ပြန်မြင်တွေ့လိုတဲ့ ပရိသတ်တွေရဲ့မျှော်လင့်ချက်လည်း ပျက်စီးခဲ့ရပါတယ်။
ပရီးမီးယားလိဂ်တန်းတက်ခွင့်အတွက် ကစားရတဲ့ ချန်ပီယံရှစ် Play-off ဗိုလ်လုပွဲဟာ ကမ္ဘာပေါ်မှာ တန်ဖိုးအကြီးမားဆုံးပွဲလို့ သတ်မှတ်ထားကြပါတယ်။ တန်းတက်ခွင့်ရရင် ပရီးမီးယားလိဂ်မှာ ရရှိမယ့် ဆုကြေး၊ ရုပ်သံဝင်ငွေနဲ့ အခြားဝင်ငွေအရပ်ရပ်အရ ဒီပွဲတန်ဖိုးက အနည်းဆုံး ပေါင်သန်း(၁၇၀)ကနေ ပေါင်သန်း(၃၀၀)အကြားတန်ကြေးရှိတယ်လို့ ဘောလုံးကျွမ်းကျင်သူတွေက သုံးသပ်ကြပါတယ်။
Discussion