လာလီဂါပွဲစဉ်(၃၅)

ဘာစီလိုနာ(၄-၃)ရီးရဲလ်မက်ဒရစ်

ဒီရာသီ El Clasico ပွဲတွေက ဘောလုံးပရိသတ်တွေကို သွင်းဂိုးများစွာနဲ့ ရသအပြည့်အ၀ပေးခဲ့တယ်ဆိုပေမယ့် ရီးရဲလ်မက်ဒရစ်ပရိသတ်တွေအတွက်ကတော့ ဒီရာသီက ပြန်မစဉ်းစားချင်စရာဖြစ်စေမှာ မလွဲပါဘူး။

လာလီဂါ ပထမအကျော့၊ စပိန်စူပါဖလားဗိုလ်လုပွဲ၊ စပိန်ဘုရင့်ဖလားဗိုလ်လုပွဲ El Clasico တွေမှာ ဆက်တိုက်အရှုံးပေးခဲ့ရတဲ့ ရီးရဲလ်မက်ဒရစ်အသင်းအတွက် (၄)ပွဲဆက် El Clasico ရှုံးနိမ့်မှုဖြစ်ခဲ့ပြီး လာလီဂါချန်ပီယံဆုကို ထိန်းသိမ်းရေးမျှော်လင့်ချက်ပါ ရေစုန်မျောခဲ့ရလို့ မိအေးနှစ်ခါနာဖြစ်ခဲ့ရတဲ့ ပွဲလို့ ဆိုရမှာပါပဲ။

ရီးရဲလ်မက်ဒရစ်အသင်းက ပွဲချိန်(၅)မိနစ်မှာ ဘာပေသွင်းယူခဲ့တဲ့ ပယ်နယ်တီ၊ ပွဲချိန်(၁၄)မိနစ်မှာ ဘာပေသွင်းခဲ့တဲ့ဂိုးတွေနဲ့အတူ (၂-၀)ဂိုးနဲ့ ဦးဆောင်ခဲ့တယ်ဆိုပေမယ့် ဒီပွဲမှာ ဘာစီလိုနာကစားသမားတွေရဲ့ဂိုးအခွင့်အရေးဖန်တီးမှု၊ ဂိုးပေါက်ကန်သွင်းမှုတွေအရ နိုင်သင့်နိုင်ထိုက်တဲ့ နိုင်ပွဲတစ်ပွဲကို ဘာစီလိုနာအသင်းပိုင်ဆိုင်သွားခဲ့တယ်လို့ပဲ ဆိုရမှာပါ။

ဘာစီလိုနာအတွက် ပထမပိုင်းမှာတင် အဲရစ်ဂါစီယာ(၁၉ မိနစ်)၊ ယာမားလ်(၃၂ မိနစ်)၊ ရာဖင်ညာ(၃၄၊ ၄၅ မိနစ်)တို့က (၄)ဂိုးပြန်သွင်းပြီး (၄-၂)ဂိုးနဲ့ ပြန်ဦးဆောင်ခဲ့ပါတယ်။

ဒုတိယပိုင်းပွဲချိန်(၇၀)မိနစ်မှာ ဘာပေက တစ်ဂိုးပြန်ချေပခဲ့ပြီး နောက်ထပ်ချေပဂိုးတစ်ဂိုးသွင်းနိုင်ခဲ့ပေမယ့် လူကျွံနေခဲ့ပါတယ်။ (၄-၄)ဂိုးဖြစ်သွားနိုင်တဲ့ ဘာပေရဲ့ကန်ချက်တစ်ခုကိုလည်း ဘာစီလိုနာဂိုးသမားရှက်ဇနီက ကာကွယ်နိုင်ခဲ့ပါတယ်။

ပွဲနောက်ပိုင်းမိနစ်တွေမှာတော့ ဒိုင်လူကြီးတွေက ရီးရဲလ်မက်ဒရစ်အသင်းဘက်အလေးသာစေမယ့် ဆုံးဖြတ်ချက်တွေကို ချခဲ့ပြီး ဘာစီလိုနာပရိသတ်တွေကို ဒေါသထွက်စေခဲ့ပါတယ်။ ချူအာမန်နီရဲ့လက်ထိဘောကို ပယ်နယ်တီပေးလို့ရပေမယ့် ဒိုင်လူကြီးက VAR မော်နီတာကြည့်ပြီးမှ ပယ်ချခဲ့လို့ ဘာစီလိုနာအသင်းနစ်နာရသလို ပွဲပြီးခါနီး ဘာစီလိုနာကွင်းလယ်လူ ဖာမင်လိုပက်ဇ် ခက်ခက်ခဲခဲဘောလုံးရယူပြီး ဆွဲယူကန်သွင်းတဲ့ဂိုးကိုလည်း ဘောလုံးကိုရယူစဉ်မှာ လက်ထိတယ်ဆိုပြီး ဂိုးကို ပယ်ချခဲ့ပါတယ်။

ဒါကြောင့် ပွဲအပြီးမှာ ဘာစီလိုနာက (၄-၃)ဂိုးနဲ့ပဲ ကျေနပ်ခဲ့ရပေမယ့် ဒီပွဲအနိုင်ရလဒ်က လာလီဂါချန်ပီယံဆုအတွက် ဘာစီလိုနာအသင်းဘက်ကို လုံးလုံးအသာရရှိစေတဲ့ အဆုံးအဖြတ်ဖြစ်သွားစေခဲ့ပါတယ်။ လက်ကျန်ပွဲ(၃)ပွဲသာကျန်ရှိတော့ချိန်မှာ ဘာစီလိုနာအသင်းက ရီးရဲလ်မက်ဒရစ်အသင်းကို (၇)မှတ်အထိဖြတ်နိုင်ခဲ့လို့ ဒီရာသီမှာ စပိန်အမှတ်ပေးဆုဖလားပြန်ရယူဖို့ သေချာသလောက်ရှိနေပြီဖြစ်ပါတယ်။

အန်ဆယ်လော့တီရဲ့ရီးရဲလ်မက်ဒရစ်အသင်းကတော့ ဒီရာသီမှာ ဥရောပစူပါဖလား၊ ဖီဖာတိုက်ကြီးများဖလားအစရှိတဲ့ဖလား(၂)လုံးနဲ့သာ ကျေနပ်ရတော့မှာဖြစ်ပါတယ်။