ဒီရာသီချန်ပီယံလိဂ်ပြိုင်ပွဲ ပုံစံသစ်အရ ဥရောပအဆင့်သတ်မှတ်ချက်မှာ ပြီးခဲ့တဲ့ ၂၀၂၃-၂၄ ရာသီ Coefficients ရမှတ်အများဆုံး(၂)နိုင်ငံက အသင်းတွေ ဝင်ခွင့်တစ်နေရာစီအပိုရရှိကြပြီး ဂျာမနီနဲ့ အီတလီက (အပိုတစ်သင်းစီအပါအဝင်)(၅)သင်းစီဝင်ခွင့်ရခဲ့ပါတယ်။

လာမယ့်ရာသီမှာလည်း ဒီရာသီ Coefficients ရမှတ်အများဆုံး(၂)နိုင်ငံက အသင်းတစ်သင်းစီ အပိုဝင်ခွင့်ရမှာဖြစ်ပြီး လက်ရှိမှာ အင်္ဂလန်(၂၄.၂၅၀ မှတ်)နဲ့စပိန်(၂၁.၆၇၈ မှတ်)က ရမှတ်အများဆုံးနဲ့ ဦးဆောင်နေပါတယ်။

လက်ရှိဥရောပပြိုင်ပွဲ(၃)ခုစလုံးမှာ ပရီးမီးယားလိဂ်ကလပ်အသင်း(၅)သင်းအထိ(ချန်ပီယံလိဂ်မှာ အာဆင်နယ်နဲ့ဗီလာ၊ ယူရိုပါလိဂ်မှာ မန်ယူနိုက်တက်နဲ့စပါး၊ ကွန်းဖရန့်လိဂ်မှာ ချယ်လ်ဆီး) ကွာတားဖိုင်နယ်တက်ရောက်နေပြီး ယှဉ်ပြိုင်နေဆဲဖြစ်လို့ အင်္ဂလန်နိုင်ငံက ရမှတ်အများဆုံးရပြီးအခြေအနေကောင်းနေတာပါ။ ဥရောပအောင်မြင်မှုများများရလေ၊ ရမှတ်များများရလေဖြစ်တာကြောင့် အင်္ဂလန်ကလပ်တွေရဲ့လက်ရှိအောင်မြင်မှုအရ အင်္ဂလန်နိုင်ငံက လာမယ့်ရာသီမှာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံး(၅)သင်းအထိ ဝင်ခွင့်ရဖွယ်ရှိနေတာပါ။

ဒီရာသီချန်ပီယံလိဂ်ပြိုင်ပွဲမှာ ပရီးမီးယားလိဂ်အဆင့်(၉)နေရာက ဗီလာအသင်း ဗိုလ်စွဲခဲ့ရင် လာမယ့်ရာသီချန်ပီယံလိဂ်မှာ လက်ရှိချန်ပီယံအဖြစ် ဝင်ပြိုင်ခွင့်ရမှာဖြစ်ပါတယ်။

ဒီလိုပဲ ဒီရာသီ ယူရိုပါလိဂ်ပြိုင်ပွဲမှာ ပရီးမီးယားလိဂ်အဆင့်(၁၃)နေရာက စပါး၊ အဆင့်(၁၅)နေရာက မန်ယူနိုက်တက်အသင်းတို့အနက်က တစ်သင်းသင်း ဗိုလ်စွဲခဲ့ရင်လည်း ချန်ပီယံလိဂ်မှာ ယူရိုပါလိဂ်လက်ရှိချန်ပီယံအသင်းကို တိုက်ရိုက်ဝင်ခွင့်ပေးတာကြောင့် ဝင်ခွင့်ရဦးမှာဖြစ်ပါတယ်။

ဒီလိုအခြေအနေတွေသာ ဖြစ်ပေါ်ခဲ့ရင် လာမယ့်ရာသီချန်ပီယံလိဂ်ပြိုင်ပွဲမှာ အင်္ဂလန်နိုင်ငံက ကလပ်အသင်းတွေကို ထူးထူးခြားခြား(၇)သင်းအထိ တွေ့မြင်ရမှာဖြစ်ပါတယ်။

ချန်ပီယံလိဂ်ပြိုင်ပွဲ သမိုင်းကြောင်းတစ်လျှောက်မှာလည်း တစ်ရာသီအတွင်း နိုင်ငံတစ်နိုင်ငံတည်းက ကလပ်အသင်းအများဆုံးပါဝင်ယှဉ်ပြိုင်မှုအဖြစ် စံချိန်သစ်တစ်ရပ် ရေးထိုးနိုင်မှာ ဖြစ်တာကြောင့် ဒီလိုရှားရှားပါးပါး အခြေအနေမျိုးဖြစ်ပေါ်လာမာလားဆိုတာ စောင့်ကြည့်ရမှာပါ။