လာမယ့်ရာသီ ဥရောပပြိုင်ပွဲ(၃)ခုကို အင်္ဂလန်ကလပ်အသင်း (၁၁)သင်းအထိ ဝင်ခွင့်ရမလား

လာမယ့်ရာသီ ဥရောပပြိုင်ပွဲ(၃)ခုဖြစ်တဲ့ ချန်ပီယံလိဂ်၊ ယူရိုပါလိဂ်နဲ့ ကွန်းဖရန့်လိဂ်ပြိုင်ပွဲတွေမှာ အင်္ဂလန်ကလပ်အသင်း (၁၁)သင်းအထိ ဝင်ခွင့်ရနိုင်တဲ့ဖြစ်နိုင်ခြေတစ်ခုရှိနေပါတယ်။

ဒါက ဖြစ်နိုင်ဖို့ခက်ခဲတယ်ဆိုပေမယ့် နိုင်ငံတစ်နိုင်ငံတည်းက ကလပ်အသင်းအရေအတွက်အများဆုံးအဖြစ် စံချိန်တင်ဝင်ခွင့်ရမယ့် ဖြစ်နိုင်ခြေတစ်ခုက စည်းမျဉ်းဥပဒေတွေနဲ့အညီ အမှန်တကယ်ရှိနေတာအမှန်ပါပဲ။

အင်္ဂလန်နိုင်ငံက ဥရောပအဆင့်သတ်မှတ်ချက်မှာ ဒီရာသီရမှတ်အများဆုံးဖြစ်နေတာကြောင့် (အပိုဝင်ခွင့်ပေးတဲ့စည်းမျဉ်းအရ) ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံး(၅)သင်းအထိ ချန်ပီယံလိဂ်ဝင်ခွင့်ရမှာဖြစ်ပါတယ်။

တကယ်လို့သာ ဒီရာသီချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဗီလာအသင်းဗိုလ်စွဲခဲ့ရင် ဗီလာအသင်းက (ပရီးမီးယားလိဂ်ထိပ်ဆုံး ၅ သင်းစာရင်းမဝင်လည်း) လက်ရှိချန်ပီယံလိဂ်ချန်ပီယံအသင်းအဖြစ် လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိမှာဖြစ်ပါတယ်။

ဒါ့အပြင် ယူရိုပါလိဂ်ချန်ပီယံအသင်းကို လာမယ့်ရာသီချန်ပီယံလိဂ်တိုက်ရိုက်ဝင်ခွင့်ပေးထားတာကြောင့် ဒီရာသီ ယူရိုပါလိဂ်မှာ မန်ယူနိုက်တက်အသင်း(သို့မဟုတ်)စပါးအသင်းချန်ပီယံဖြစ်ခဲ့ရင် လာမယ့်ရာသီချန်ပီယံလိဂ်ဝင်ခွင့်ရဦးမှာပါ။

ဒါကြောင့် လာမယ့်ရာသီချန်ပီယံလိဂ်ကို အင်္ဂလန်ကလပ်(၇)သင်းအထိ ဝင်ခွင့်ရနိုင်မယ့် ဖြစ်နိုင်ခြေတစ်ခုရှိနေပါတယ်။

လာမယ့်ရာသီယူရိုပါလိဂ်ကို ပရီးမီးယားလိဂ်အမှတ်ပေးဇယားက အဆင့်(၆)အသင်းနဲ့ FA ဖလားချန်ပီယံအသင်း ဝင်ခွင့်ရမှာဖြစ်ပါတယ်။ တကယ်လို့ ဒီရာသီ FA ဖလားပြိုင်ပွဲမှာ ဇယားထိပ်ပိုင်းအသင်းမဟုတ်တဲ့ ခရစ္စတယ်ပဲလေ့စ်အသင်းဗိုလ်စွဲခဲ့ရင် အဆင့်(၆)အသင်းနဲ့အတူ ခရစ္စတယ်ပဲလေ့စ်အသင်းက လာမယ့်ရာသီယူရိုပါလိဂ်ဝင်ခွင့်ရမှာပါ။

ယူရိုပါလိဂ်ပြိုင်ပွဲမှာ ကွန်းဖရန့်လိဂ်ချန်ပီယံအသင်းကို တိုက်ရိုက်ဝင်ခွင့်ပေးထားတာကြောင့် ဒီရာသီကွန်းဖရန့်လိဂ်ပြိုင်ပွဲမှာ ချယ်လ်ဆီးအသင်းဗိုလ်စွဲခဲ့ရင်လည်း လာမယ့်ရာသီယူရိုပါလိဂ်ကို ဝင်ခွင့်ရမှာဖြစ်ပါတယ်။

ဒါကြောင့် ပရီးမီးယားလိဂ်အဆင့်(၆)အသင်း၊ ခရစ္စတယ်ပဲလေ့စ်အသင်းနဲ့ ချယ်လ်ဆီးအသင်းတို့က လာမယ့်ရာသီ ယူရိုပါလိဂ်ဝင်ခွင့်(၃)နေရာကို ရယူနိုင်မယ့် ဖြစ်နိုင်ခြေလည်းရှိနေပါတယ်။

လာမယ့်ရာသီ ကွန်းဖရန့်လိဂ်ကို ပရီးမီးယားလိဂ်က တစ်သင်းဝင်ခွင့်ရထားပြီး ပရီးမီးယားလိဂ်အဆင့်(၇)အသင်းဝင်ခွင့်ရမှာပါ။

ဒါကြောင့် လာမယ့်ရာသီမှာ အင်္ဂလန်ကလပ်အသင်းတွေအနေနဲ့ ချန်ပီယံလိဂ်မှာ (၇)သင်း၊ ယူရိုပါလိဂ်မှာ (၃)သင်း၊ ကွန်းဖရန့်လိဂ်မှာ (၁)သင်း စုစုပေါင်း(၁၁)သင်းအထိ ဝင်ခွင့်ရမယ့် ဖြစ်နိုင်ခြေတစ်ခုရှိနေပြီး ဒီလို ဖြစ်လာရင်တော့ ဥရောပမှာ နိုင်ငံတစ်နိုင်ငံတည်းက အသင်း(၁၀)သင်းကျော် ပါဝင်ယှဉ်ပြိုင်တဲ့ ပထမဆုံးရာသီအဖြစ် ထူးထူးခြားခြားမှတ်တမ်းဝင်မှာ ဖြစ်ပါတယ်။