လာမယ့်ရာသီထိပ်ဆုံး(၆)သင်းထဲဝင်အောင်လုပ်ဖို့ နည်းပြအာမိုရင်ကို ဆာဂျင်ရက်ကလစ်ဖ်ပြောခဲ့

မန်ယူနိုက်တက်အသင်းပူးတွဲပိုင်ရှင်ဆာဂျင်ရက်ကလစ်ဖ်က ရလဒ်တွေဆိုးနေတဲ့အသင်းကို လာမယ့်ရာသီပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ထိပ်ဆုံး(၆)သင်းထဲဝင်အောင်လုပ်ပြီး ရာသီအဆုံးသတ်ဖို့ နည်းပြအာမိုရင်ကို ပြောခဲ့တယ်လို့ သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။ မန်ယူနိုက်တက်အသင်းနည်းပြအာမိုရင်ဟာ အသင်းကိုရလဒ်တွေတိုးတက်မှုရှိအောင်မလုပ်ပေးနိုင်ရင် နည်းပြရာထူးကနုတ်ထွက်နိုင်တယ်လို့ ဝက်စ်ဟမ်းအသင်းကို (ဝ-၂)ဂိုးနဲ့ အရေးနိမ့်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲအပြီးမှာ ပြောခဲ့တာပါ။
ပြီးခဲ့တဲ့နှစ်နိုဝင်ဘာက ထုတ်ပယ်ခဲ့တဲ့ ဒတ်ချ်လူမျိုးနည်းပြအဲရစ်တန်ဟတ်ရဲ့နေရာမှာ အစားထိုးဝင်ရောက်ကာ မန်ယူနိုက်တက်အသင်းကို နည်းပြသစ်အဖြစ်တာဝန်ယူခဲ့တဲ့ ပေါ်တူဂီလူမျိုးနည်းပြအာမိုရင်ဟာ သူ့ရဲ့လက်ထက်ပရီးမီးယားလိဂ်(၂၅)ပွဲမှာ အသင်းဟာ (၆)ပွဲသာနိုင်ပွဲရယူနိုင်ခဲ့တာဖြစ်ပါတယ်။ မန်ယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အမှတ်ပေးဇယားအဆင့်(၁၆)နေရာရပ်တည်နေပေမယ့် ကံကောင်းတာက ယူရိုပါလိဂ်ဗိုလ်လုပွဲကိုရောက်ရှိနေတာဖြစ်ပါတယ်။
မန်ယူနိုက်တက်အသင်းအနေနဲ့ ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ အနိုင်ရခဲ့ရင် လာမယ့်ရာသီချန်ပီယံလိဂ်ပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်ရရှိမှာပါ။ မန်ယူနိုက်တက်အသင်းနည်းပြအာမိုရင်ဟာ ပရီးမီးယားလိဂ်ရလဒ်ဆိုးတွေကြောင့် အသင်းကထွက်ခွာဖွယ်ရှိတယ်လို့ ပြောခဲ့ပေမယ့် ပူးတွဲပိုင်ရှင်ဆာဂျင်ရက်ကလစ်ဖ်နဲ့ အကြီးအကဲတွေက သူ့ကိုထုတ်ပယ်ဖို့ ရည်ရွယ်ထားခြင်းမရှိတာဖြစ်ပါတယ်။ အာမိုရင်ထွက်ခွာခဲ့ရင် ဖီနာဘာချီအသင်းကို ကိုင်တွယ်နေတဲ့ နည်းပြဟောင်း မော်ရင်ဟိုဟာ သူ့ရဲ့နေရာကို အစားထိုးဝင်ရောက်ဖို့ ရေပန်းစားနေတာပါ။
Manchester Evening News က မန်ယူနိုက်တက်အသင်းပိုင်ရှင်တွေဟာ လာမယ့်ရာသီပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ထိပ်ဆုံး(၆)သင်းထဲဝင်ပြီး ရာသီအဆုံးသတ်ဖို့ကို အဓိကပစ်မှတ်အဖြစ်သတ်မှတ်ထားတယ်လို့ ဖော်ပြထားပါတယ်။ အဆင့်(၆)မှာ ရပ်တည်ပြီး ရာသီအဆုံးသတ်ခဲ့ရင် ချန်ပီယံလိဂ်ဝင်ခွင့်ရမှာမဟုတ်ပေမယ့် ကြီးမားတဲ့ပြန်လည်တည်ဆောက်မှုနဲ့ ပရောဂျက်အတွက် ယုတ္တိရှိတဲ့နောက်တစ်ဆင့်လို့ ယူဆထားတာဖြစ်ပါတယ်။