ရီးရဲလ်မက်ဒရစ်အသင်းနည်းပြရာထူးအတွက် သတင်းတွေထွက်နေတဲ့ စပိန်လူမျိုးနည်းပြ ဇာဘီအလွန်ဆိုဟာ လေဗာကူဆင်အသင်းအနာဂတ်နဲ့ ပတ်သက်တဲ့ဆုံးဖြတ်ချက်ကို ကြေညာဖွယ်ရှိနေတယ်လို့ Diario As သတင်းမှာ ဖော်ပြထားပါတယ်။
ဇာဘီအလွန်ဆိုဟာ လေဗာကူဆင်-ဘိုချန် ဘွန်ဒစ်လီဂါပွဲကြိုမီဒီယာတွေ့ဆုံမှုမှာ လာမယ့်ရာသီသူ့ရဲ့အစီအစဉ်ကို ဖွင့်ဟသွားဖို့ ရှိနေတာပါ။
ဇာဘီအလွန်ဆိုဟာ အသင်းဟောင်း ရီးရဲလ်မက်ဒရစ်အသင်းက သူ့ကိုနည်းပြအဖြစ်ခန့်အပ်ဖို့ စိတ်ဝင်စားနေပေမယ့် သူကတော့ လာမယ့်ရာသီ လေဗာကူဆင်အသင်းကို ဆက်ပြီးကိုင်တွယ်မယ့်အကြောင်းကို အတည်ပြုသွားဖို့ ရှိနေတာဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းဟာ နည်းပြအန်ဆယ်လော့တီနဲ့ ၂၀၂၆ ခုနှစ်နွေရာသီအထိ စာချုပ်ရှိနေပေမယ့် ဒီရာသီ လာလီဂါ ဒါမှမဟုတ် ချန်ပီယံလိဂ်ဖလားမရယူနိုင်ခဲ့ရင် လမ်းခွဲသွားဖို့ရှိနေတာပါ။
လက်ရှိအချိန်မှာ ဘရာဇီးလ်ဘောလုံးအဖွဲ့ချုပ်က အန်ဆယ်လော့တီကို ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဘရာဇီးလ်အသင်းကို ကိုင်တွယ်စေဖို့ ဆန္ဒရှိနေတာဖြစ်ပါတယ်။ အဲ့ဒါကြောင့် ရီးရဲလ်မက်ဒရစ်အသင်းဟာ ဇာဘီအလွန်ဆိုကို အန်ဆယ်လော့တီရဲ့နေရာမှာ အစားထိုးခန့်အပ်ဖို့ စဉ်းစားနေတာပါ။ လေဗာကူဆင်အသင်းဟာ လာမယ့်ရာသီမတိုင်ခင်မှာ နည်းပြဇာဘီအလွန်ဆိုရဲ့အနာဂတ်ကို ရှင်းရှင်းလင်းလင်းသိချင်နေတာ ဖြစ်ပါတယ်။
လေဗာကူဆင်အသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲကနေ ထွက်ခွာထားရတာကြောင့် ဘွန်ဒစ်လီဂါနဲ့ ပိုကယ်ဖလားပြိုင်ပွဲမှာ ချန်ပီယံဆုကို ကာကွယ်ဖို့ အာရုံစိုက်နေတာပါ။ လေဗာကူဆင်အသင်းဟာ ဘွန်ဒစ်လီဂါပြိုင်ပွဲမှာ အမှတ်ပေးဇယားထိပ်ဆုံးနေရာက ဘိုင်ယန်မြူးနစ်အသင်းနဲ့(၆)မှတ်အကွာ အဆင့်(၂)နေရာမှာ ရပ်တည်နေပြီး ပိုကယ်ဖလားပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်အဆင့် ရောက်ရှိနေပါတယ်။
Discussion