ဂျာမနီဂိုးသမားဟောင်း နော်ယာဟာ ဘိုင်ယန်မြူးနစ်အသင်းက လေဗာကူဆင်အသင်းကို (၃-ဝ)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ် Round of 16 ပထမအကျော့ပွဲစဉ်မှာ ဘိုင်ယန်မြူးနစ်အသင်းကွင်းလယ်တိုက်စစ်ကစားသမား မူစီယာလာရဲ့သွင်းဂိုးကို အောင်ပွဲခံရင်း ဒဏ်ရာရရှိသွားခဲ့ပါတယ်။
နော်ယာဟာ ခြေသလုံးကြွက်သားဒဏ်ရာရရှိသွားခဲ့တဲ့အတွက် ပွဲကို ဆက်ကစားနိုင်ခြင်းမရှိတော့လို့ ဘိုင်ယန်မြူးနစ်အသင်းဟာ သူ့ကို ပွဲချိန်(၅၈)မိနစ်မှာ လူစားလဲမှုပြုလုပ်ခဲ့ရတာပါ။
ဘိုင်ယန်မြူးနစ်အသင်းအတွက် ပြိုင်ပွဲစုံပွဲပေါင်း(၅၅၄)ပွဲအထိ ပါဝင်ကစားထားတဲ့ နော်ယာဟာ ဒဏ်ရာကြောင့် ချန်ပီယံလိဂ် Round of 16 ဒုတိယအကျော့ပွဲစဉ်ကို ပါဝင်နိုင်ဖို့ မသေချာဘူးလို့ သိရပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းနည်းပြ ကွန်ပနီက နော်ယာရဲ့ဒဏ်ရာအခြေအနေကို စောင့်ကြည့်ရမှာဖြစ်ပြီး သူတို့ဟာ အဓိက ကစားသမားတွေမပါဝင်ဘဲ ပွဲတွေကစားခဲ့ဖူးတာကြောင့် သူမပါဝင်နိုင်လည်း ထပ်ပြီးလုပ်ဆောင်ရမယ်လို့ ပွဲအပြီးမီဒီယာတွေ့ဆုံမှုမှာ ဆိုခဲ့ပါတယ်။
နော်ယာဟာ ဘိုင်ယန်မြူးနစ်အသင်းနဲ့ နောက်ထပ်တစ်နှစ်သက်တမ်းတိုး စာချုပ်ချုပ်ဆိုထားတာကြောင့် ၂၀၂၆ ခုနှစ်နွေရာသီအထိ ဆက်ပြီးရှိနေမှာပါ။ ဘိုင်ယန်မြူးနစ်အသင်းဟာာ လေဗာကူဆင်အသင်းကို အိမ်ကွင်းမှာ ဂိုးပြတ်အနိုင်ရခဲ့တာကြောင် နောက်တစ်ဆင့်တက်ဖို့ အခြေအနေကောင်းတွေပိုင်ဆိုင်သွားခဲ့ပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းနည်းပြ ကွန်ပနီက လေဗာကူဆင်အသင်းအိမ်ကွင်းမှာကစားမယ့် ဒုတိယအကျော့ပွဲစဉ်မှာလည်း ပထမအကျော့ပွဲစဉ်ကအတိုင်း ကစားဖို့အသင်းသားတွေကို တောင်းဆိုခဲ့ပါတယ်။
ဘိုင်ယန်မြူးနစ်အသင်း ဒီရာသီ ဘွန်ဒစ်လီဂါပြိုင်ပွဲမှာ လေဗာကူဆင်အသင်းကို (၈)မှတ်ဖြတ်ပြီး အမှတ်ပေးဇယားကို ဦးဆောင်ထားတာပါ။ ဘိုင်ယန်မြူးနစ်အသင်းဟာ လာမယ့်ဘွန်ဒစ်လီဂါပွဲစဉ်အဖြစ် ဘိုချန်အသင်းကို အိမ်ကွင်းယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Discussion