လိဒ်စ်ယူနိုက်တက်ကစားသမားတွေ ချန်ပီယံရှစ်ဆုဖလားအတွက်အောင်ပွဲခံချိန် အရန်ခုံမှာ နည်းပြဒန်နီယယ်ဖာ့ခ် ထိုင်နေခဲ့
လိဒ်စ်ယူနိုက်တက်အသင်းဟာ ပလိုင်မောက်အသင်းကို (၂-၁)ဂိုးနဲ့ အနိုင်ရပြီး ၂၀၂၄-၂၅ ရာသီချန်ပီယံရှစ်ပြိုင်ပွဲရဲ့ချန်ပီယံဖြစ်ခဲ့ပြီးနောက် လိဒ်စ်ယူနိုက်တက်အသင်းကစားသမားတွေဟာ ဆုဖလားနဲ့ အောင်ပွဲခံမှုပြုလုပ်ချိန်မှာ နည်းပြဒန်နီယယ်ဖာ့ခ်ဟာ အရန်ခုံတန်းပေါ်မှာ ထိုင်နေခဲ့ပါတယ်။
ဒန်နီယယ်ဖာ့ခ်ဟာ လိဒ်စ်ယူနိုက်တက်အသင်းကို ပရီးမီးယားလိဂ်ပြိုင်ပွဲထံ တန်းတက်အောင်ကိုင်တွယ်ထားပေမယ့် နည်းပြရာထူးကထုတ်ပယ်ခံရဖွယ်ရှိတယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းက သတင်းတွေမှာ ဖော်ပြထားတာပါ။
ဒန်နီယယ်ဖာ့ခ်ဟာ နော်ဝစ်ချ်အသင်းကို ကိုင်တွယ်ခဲ့ချိန်တုန်းကလည်း ချန်ပီယံရှစ်ဖလားကို(၂)ကြိမ်ရယူပေးထားနိုင်တာကြောင့် အခုတစ်ကြိမ်ဟာ သူ့အတွက် (၃)ကြိမ်မြောက်ချန်ပီယံရှစ်ဖလားရယူနိုင်မှုဖြစ်ပါတယ်။ ဒန်နီယယ်ဖာ့ခ်ဟာ လိဒ်စ်ယူနိုက်တက်အသင်းသားတွေ ချန်ပီယံရှစ်ဆုဖလားအတွက် အောင်ပွဲခံချိန် အရန်ခုံတန်းပေါ်မှာ တစ်ဦးတည်းထိုင်နေတဲ့အတွက်ပရိသတ်တွေက စိုးရိမ်မှုရှိနေကြတာပါ။ ဒန်နီယယ်ဖာ့ခ်က ပွဲအပြီးအင်တာဗျူးမှာ အောင်ပွဲခံဖို့ ပင်ပန်းလွန်းတာကြောင့် ထိုင်နေခဲ့တာဖြစ်တယ်လို့ ဝန်ခံခဲ့ပါတယ်။
ဒန်နီယယ်ဖာ့ခ်က "ပွဲသိမ်းခရာမှုတ်အပြီးမှာ ကျွန်တော်ဘာမှမရှိတော့သလို ခံစားခဲ့ရပါတယ်။ အောင်ပွဲခံဖို့လည်း အလွန်ပင်ပန်းနေခဲ့ပါတယ်။ ကျွန်တော်တို့လိုချင်တဲ့အောင်မြင်မှုကိုရခဲ့လို့ ဂုဏ်ယူပါတယ်။ ကျွန်တော်တို့ဟာ လာမယ့်အပတ်မှာလည်း အောင်ပွဲခံမှုပြုလုပ်ရမှာပါ။ ကျွန်တော့်ရဲ့စွမ်းအင်ကို ပြန်ဖြည့်ဖို့ နွေရာသီလိုအပ်တယ်"လို့ ဆိုခဲ့ပါတယ်။
လိဒ်စ်ယူနိုက်တက်အသင်းဟာ အမှတ်ပေးဇယားအဆင့်(၂)နေရာက ဘန်လေအသင်းနဲ့အတူ ချန်ပီယံရှစ်ပြိုင်ပွဲမှာ ရမှတ်(၁၀၀)ရရှိခဲ့ပြီး လာမယ့်ရာသီပရီးမီးယားလိဂ်ကို တန်းတက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။