လိဒ်စ်ယူနိုက်တက်အသင်းဟာ နည်းပြအပြောင်းအလဲပြုလုပ်ဖို့စဉ်းစားနေတယ်လို့ သတင်းထွက်ပေါ်နေပေမယ့် အသင်းဥက္ကဋ္ဌမာရာသီက ပရီးမီးယားလိဂ်ကို တန်းတက်အောင်ကိုင်တွယ်ပေးနိုင်ခဲ့တဲ့ နည်းပြဒန်နီယယ်ဖာ့ခ်ကို ဆက်ပြီးကိုင်တွယ်ဖို့ထောက်ခံခဲ့ပါတယ်။ လိဒ်စ်ယူနိုက်တက်အသင်းဟာ ချန်ပီယံရှစ်ပြိုင်ပွဲမှာ ချန်ပီယံဆုကိုရယူပြီး (၂)နှစ်ကြာဝေးကွာခဲ့တဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲကို လာမယ့်ရာသီပြန်လည်ယှဉ်ပြိုင်ခွင့်ရရှိခဲ့တာပါ။

လိဒ်စ်ယူနိုက်တက်အသင်းဟာ ချန်ပီယံရှစ်ပြိုင်ပွဲမှာ ရမှတ်(၁၀၀)အထိရရှိပြီး ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေပြသနိုင်ခဲ့ပေမယ့် MailSport က အသင်းဟာ နည်းပြဒန်နီယယ်ဖာ့ခ်ရဲ့နေရာမှာအစားထိုးဖို့အတွက် နည်းပြသစ်ရှာဖွေမှုတွေပြုလုပ်နေတယ်လို့ ဖော်ပြခဲ့ပါတယ်။ လိဒ်စ်အသင်းဥက္ကဋ္ဌမာရာသီကတော့ BBC Radio Leeds နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဒန်နီယယ်ဖာ့ခ်နဲ့ ပတ်သက်တဲ့ ထင်ကြေးသတင်းတွေကို အဆုံးသတ်ခဲ့ပြီး ဂျာမန်လူမျိုးနည်းပြဟာ သူ့ရဲ့လူဖြစ်တယ်လို့အတည်ပြုခဲ့တာပါ။

ဒန်နီယယ်ဖာ့ခ်ဟာ ချန်ပီယံရှစ်ပြိုင်ပွဲမှာ နော်ဝစ်ချ်အသင်းနဲ့ (၂)ကြိမ်အပါအဝင် ချန်ပီယံဆု(၃)ကြိမ်အထိ ရယူနိုင်ခဲ့ပေမယ့် သူ့ရဲ့ပရီးမီးယားလိဂ်မှတ်တမ်းကတော့ ကောင်းမွန်မှုမရှိပါဘူး။ လိဒ်စ်ယူနိုက်တက်အသင်းအကြီးအကဲတွေဟာ အခြားနည်းပြတွေကို ကြည့်ရှုခဲ့ပေမယ့် ဒန်နီယယ်ဖာ့ခ်ကို ထုတ်ပယ်တာဟာ အငြင်းပွားဖွယ်ရာလုပ်ရပ်ဖြစ်တဲ့အတွက် နောက်ပြန်ဆုတ်သွားနိုင်တယ်လို့ သိရပါတယ်။

လိဒ်စ်ယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ်ကိုတန်းတက်ခဲ့တာကြောင့် ပြိုင်ဘက်အသင်းတွေနဲ့ ယှဉ်ပြိုင်နိုင်ဖို့အတွက် ကစားသမားသစ်တွေကို အားဖြည့်ရတော့မှာပါ။ လိဒ်စ်အသင်းဥက္ကဋ္ဌမာရာသီက သူတို့ဟာ အပြောင်းအရွှေ့ဈေးကွက်ကို တိုက်ခိုက်တော့မှာဖြစ်လို့ စိတ်လှုပ်ရှားမိတယ်လို့ ဆိုခဲ့ပါတယ်။