အာဆင်နယ်အသင်းဟာ အန်ဖီးလ်ကွင်းမှာသွားရောက်ယှဉ်ပြိုင်ရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်မှာ ချန်ပီယံလီဗာပူးလ်အသင်းကို Guard of honour နဲ့ ကြိုဆိုမယ်လို့ နည်းပြအာတီတာက အတည်ပြုခဲ့ပါတယ်။
အာဆင်နယ်အသင်းဟာ ဒီရာသီပရီးမီးယားလိဂ်ချန်ပီယံဆုအတွက်ပြိုင်ပွဲမှာ လီဗာပူးလ်အသင်းကို အနီးကပ်ဖိအားပေးနိုင်ခဲ့ပေမယ့် နောက်ပိုင်းပွဲတွေမှာ နိုင်ပွဲပျောက်ဆုံးခဲ့တာကြောင့် လီဗာပူးလ်အသင်းကို စောစီးစွာချန်ပီယံဖြစ်ခွင့်ပေးခဲ့ရတာပါ။

အာဆင်နယ်အသင်းဟာ ၂၀၁၉-၂၀ ရာသီက လီဗာပူးလ်အသင်း ပရီးမီးယားလိဂ်ချန်ပီယံဆုကို ရယူနိုင်ခဲ့ချိန်ကလည်း Guard of honour နဲ့ ကြိုဆိုခဲ့ရပါတယ်။ အာဆင်နယ်အသင်းဟာ အခုအချိန်မှာလည်း လီဗာပူးလ်အသင်းကို ဒုတိယအကြိမ်မြောက်အဖြစ် ထပ်ပြီးဂုဏ်ပြုပေးရမှာပါ။ အာဆင်နယ်အသင်းနည်းပြအာတီတာက လီဗာပူးလ်အသင်းနဲ့ ထိုက်တန်မှုရှိတယ်လို့ ပွဲကြိုမီဒီယာတွေ့ဆုံမှုမှာ မီဒီယာသမားတွေရဲ့မေးမြန်းမှုကို ဆိုခဲ့ပါတယ်။
အာတီတာက "သူတို့ဟာအကောင်းဆုံးအသင်းပါ။ နည်းပြအာနီဆလော့နဲ့ နည်းပြအဖွဲ့ဝင်တွေရဲ့လုပ်ဆောင်ခဲ့တဲ့အရာက ကောင်းမွန်ပြီး သူတို့နဲ့အပြည့်အဝထိုက်တန်ပါတယ်။ အားကစားမှာ တစ်စုံတစ်ဦးက ပိုကောင်းရင် ဒါကိုလက်ခံကာ လက်ခုပ်တီးဂုဏ်ပြုပေးရမှာပါ။ အဲ့ဒီအဆင့်ကို ရောက်ရှိအောင် ကြိုးစားရမှာပါ"လို့ ဆိုခဲ့ပါတယ်။

ချန်ပီယံလိဂ်ပြိုင်ပွဲက ထွက်ခွာခဲ့ရပြီးနောက် ဒီရာသီကို ဆုဖလားလက်မဲ့အဖြစ်ရာသီသိမ်းရမယ့် အာဆင်နယ်အသင်းဟာ လာမယ့်ရာသီချန်ပီယံလိဂ်ဝင်ခွင့်သေချာအောင် ဦးစားပေးလုပ်ရမှာပါ။ ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့်(၂)နေရာမှာရပ်တည်နေတဲ့ အာဆင်နယ်အသင်းဟာ ဒီရာသီလက်ကျန်ပွဲတွေအဖြစ် လီဗာပူးလ်အသင်းနဲ့ ပွဲအပါအဝင် နယူးကာဆယ်၊ဆောက်သမ်တန်အသင်းတို့နဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Discussion