မနေ့က ကစားခဲ့တဲ့ပရီးမီးယားလိဂ်ပွဲစဉ်(၃၁)မှာ လီဗာပူးလ်အသင်းက ဖူလ်ဟမ်အသင်းကို အဝေးကွင်းမှာ(၂-၃)ဂိုးနဲ့ ရှုံးခဲ့ပြီး ဒီရာသီမှာ ဒုတိယမြောက်ရှုံးပွဲကြုံတွေ့ခဲ့ရပါတယ်။
လီဗာပူးလ်အသင်းဟာ ဒီရာသီ ပွဲစဉ်(၄)မှာ ဖောရက်စ်အသင်းကို (၀-၁)ဂိုးနဲ့ရှုံးခဲ့ပြီးနောက်ပိုင်း ပရီးမီးယားလိဂ်(၂၆)ပွဲဆက်တိုက်အရှုံးမရှိခဲ့ဘဲ အခုပွဲမှာ ဖူလ်ဟမ်အသင်းကို ပထမပိုင်းမှာတင် (၃)ဂိုးပေးပြီး ရှုံးခဲ့ရတာပါ။
ဒါက (၅)နှစ်နီးပါးကာလအတွင်း ပထမဆုံးအနေနဲ့ လီဗာပူးလ်အသင်းဟာ ပထမပိုင်းမှာ ပြိုင်ဘက်အသင်းကို (၃)ဂိုးအထိပေးခဲ့ရတာဖြစ်ပါတယ်။
ဒီပွဲမှာ လီဗာပူးလ်အသင်းက ပွဲချိန်(၁၄)မိနစ်မှာ မက်အလစ္စတာရဲ့ဂိုးနဲ့ ဦးဆောင်ခဲ့ပေမယ့် ဖူလ်ဟမ်အသင်းက တရစပ်တိုက်စစ်ဆင်မှုတွေနဲ့ ပွဲချိန်(၂၃)ဆီဆက်နွန်၊ ပွဲချိန်(၃၂)မိနစ်မှာအီဝိုဘီ၊ (၃၇)မိနစ်မှာမူနစ်ဇ်တို့က ဂိုးတွေ သွင်းယူခဲ့တာပါ။ ဒီပွဲမှာ အီဝိုဘီက အကောင်းဆုံးခြေစွမ်းပြခဲ့ပြီး တိုက်စစ်လမ်းကြောင်းတွေ ခင်းကျင်းနိုင်သလို၊ သူကိုယ်တိုင်လည်း ထိရောက်တဲ့ထိုးဖောက်မှုတွေ ပြုလုပ်နိုင်ခဲ့ပါတယ်။
ဖူလ်ဟမ်ဂိုးသမားဘန်းလေနိုနဲ့ ဖူလ်ဟမ်နောက်တန်းက လီဗာပူးလ်တိုက်စစ်ကို ထိန်းချုပ်ကစားခဲ့တာကြောင့်လည်း ဆာလာ၊ ဂျိုတာ၊ ချီယေဆာ၊ ဆိုဘို့ဆလိုင်းတို့ရဲ့ဂိုးကန်ချက်တွေက အချည်းနှီးဖြစ်ခဲ့ရပါတယ်။ လီဗာပူးလ်အတွက် ချေပဂိုးတစ်ဂိုးကို ဒီယက်ဇ်က ပွဲချိန်(၇၂)မိနစ်မှာ သွင်းယူခဲ့တာပါ။

မနေ့က ကစားခဲ့တဲ့ မန်ချက်စတာဒါဘီပွဲကလည်း အပြန်အလှန်ထိုးဖောက်မှုတွေနဲ့ ဂိုးရလုရခင်အခြေအနေတွေရှိခဲ့ပေမယ့် တစ်ဖက်နဲ့တစ်ဖက်ဂိုးမသွင်းနိုင်ဘဲ ဂိုးမရှိသရေရလဒ်နဲ့ ပြီးဆုံးခဲ့ပါတယ်။
ဒီပွဲမှာ အိမ်ရှင်မန်ယူနိုက်တက်က ဂိုးအခွင့်အရေးတွေပိုရခဲ့ပြီး ဂါနာချို၊ ဖာနန်ဒက်စ်၊ အူဂါတေး၊ ဒေါ်ဂူ၊ ကက်စီမီရိုတို့ ဂိုးရအောင်မသွင်းနိုင်သလို၊ မန်စီးတီးအသင်းအတွက်လည်း မာမွတ်ရှ်၊ ဖိုဒန်၊ ဒီဘရိုင်းနားတို့ရဲ့ကန်ချက်တွေ ဂိုးမဖြစ်ခဲ့တာကြောင့် မန်ချက်စတာ(၂)သင်း ရမှတ်(၁)မှတ်စီခွဲယူခဲ့ရတာပါ။

မန်စီးတီး ဂိုးမရှိသရေကျသလို ချယ်လ်ဆီးအသင်းကလည်း ဘရန့်ဖို့ဒ်နဲ့ ဂိုးမရှိသရေကျတာကြောင့် အမှတ်ပေးဇယားမှာ အရင်အတိုင်း ချယ်လ်ဆီးကအဆင့်(၄)၊ မန်စီးတီးက အဆင့်(၅)မှာပဲ ဆက်ရှိနေပါတယ်။
ကျန်ပွဲတစ်ပွဲမှာ စပါးအသင်းက ဇယားအောက်ဆုံးက ဆောက်သမ်တန်ကို (၃-၁)ဂိုးနဲ့ အနိုင်ယူခဲ့တာကြောင့် ဆောက်သမ်တန်အသင်းက ပွဲစဉ်(၃၁)အပြီးမှာပဲ ရမှတ်(၁၀)မှတ်နဲ့ တန်းဆင်းလက်မှတ်ရသွားခဲ့ပါတယ်။

Discussion