လီဗာပူးလ်ကထွက်ခွာမယ့် အာနိုးလ်ကို အာဆင်နယ်နဲ့ပွဲမှာ ပွဲထွက်လူစာရင်းအသုံးမပြုဘူးလို့ နည်းပြအာနီဆလော့ အတည်ပြု
လီဗာပူးလ်အသင်းဟာ အာဆင်နယ်အသင်းနဲ့ကစားမယ့် ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဒီရာသီကုန်အသင်းက ထွက်ခွာမယ့် ညာနောက်ခံလူအာနိုးလ်ကို ပွဲထွက်လူစာရင်းအသုံးမပြုဘဲ သူ့ရဲ့နေရာမှာ လူငယ်ကစားသမား ဘရက်ဒလေကို အသုံးပြုမယ်လို့ နည်းပြအာနီဆလော့က အတည်ပြုခဲ့ပါတယ်။ လီဗာပူးလ်အသင်းအကယ်ဒမီထွက် အာနိုးလ်ဟာ နှစ်ပေါင်း(၂၀)ကြာကစားခဲ့တဲ့ အသင်းကနေ စာချုပ်ကုန်ဆုံးမယ့် ဒီရာသီကုန်ရင်ထွက်ခွာမယ်လို့ ပြီးခဲ့တဲ့ရက်သတ္တပတ်က ကြေညာခဲ့တာပါ။
လီဗာပူးလ်အသင်းဟာ အာနိုးလ်ထွက်ခွာမှာဖြစ်တဲ့အတွက် သူ့ရဲ့နေရာမှာ အစားထိုးဖို့ ညာနောက်ခံလူတစ်ဦးကို ခေါ်ယူဖို့ ပြင်ဆင်ဖွယ်ရှိနေတာဖြစ်ပါတယ်။ ဒါပေမယ့် နည်းပြအာနီဆလော့က လာမယ့်ရာသီအတွက် လီဗာပူးလ်အသင်းရဲ့အဓိကညာနောက်ခံလူအဖြစ် ဘရက်ဒလေကို အဓိကထားအသုံးပြုဖွယ်ရှိနေတာပါ။
အာနီဆလော့က "လာမယ့်တနင်္ဂနွေနေ့ပွဲအတွက် ဘရက်ဒလေဟာ လီဗာပူးလ်အသင်းရဲ့ပွဲထွက်လူစာရင်းမှာ ပါဝင်မှာပါ။ သူဟာ လာမယ့်ရာသီပြင်ဆင်မှုအဖြစ် နောက်ထပ်ပွဲတွေကစားဖို့လိုအပ်ပါတယ်။ သူ့ကို အာနိုးလ်နဲ့ မနှိုင်းယှဉ်ပါနဲ့၊သူတို့နှစ်ဦးဟာ မတူညီတဲ့ ကစားသမားနှစ်မျိုးပါ။ ကျွန်တော်တို့ဟာ ဘရက်ဒလေကို ယုံကြည်မှုအများကြီးရှိပြီး ဒါကိုသူကပြသပြီးသားပါ"လို့ မီဒီယာသမားတွေနဲ့တွေ့ဆုံချိန်မှာ ဆိုခဲ့ပါတယ်။
အာနိုးလ်ဟာ ရီးရဲလ်မက်ဒရစ်အသင်းထံ အလွတ်နဲ့ပြောင်းရွှေ့ဖို့ သဘောတူညီထားပြီး ရီးရဲလ်မက်ဒရစ်အသင်းဟာ သူ့ကို နွေရာသီမှာကျင်းပမယ့် ၂၀၂၅ ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်မီ ခေါ်ယူနိုင်ဖို့အတွက် လီဗာပူးလ်အသင်းနဲ့ သဘောတူညီမှုရယူနိုင်ဖို့ ကြိုးစားနေတာဖြစ်ပါတယ်။