လီဗာပူးလ်အသင်းမှာ ၂၀၂၇ ခုနှစ်အထိ ဆက်ရှိနေမယ့် စာချုပ်သစ်ကို လက်မှတ်ရေးထိုးပြီးနောက်မှာ သူ့အနေနဲ့ ဒီအသင်းမှာ ၊ ဒီပြိုင်ပွဲမှာ ဂိုးစံချိန်တွေ ဘယ်လောက်အထိ ရိုက်ချိုးနိုင်မလဲဆိုတာ စိတ်ဝင်စားစရာဖြစ်လာပါတယ်။
ဆာလာဟာ လီဗာပူးလ်အသင်းမှာ ပရီးမီးယားလိဂ်ဂိုး(၁၈၄)ဂိုးသွင်းယူထားပြီး နိုင်ငံခြားသားကစားသမားတွေထဲမှာ ဂိုးအများဆုံးသွင်းသူအဖြစ် မန်စီးတီးတိုက်စစ်မှူးဟောင်းအဂွဲရိုးနဲ့ပူးတွဲမှတ်တမ်းဝင်နေပါတယ်။
ဒါကြောင့် လာမယ့် ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ တစ်ဂိုးသွင်းနိုင်တာနဲ့ ဆာလာအနေနဲ့ ပရီးမီးယားလိဂ်ဂိုးအများဆုံးနိုင်ငံခြားသားကစားသမားအဖြစ် မှတ်တမ်းဝင်မှာဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ဂိုးအများဆုံးကစားသမားဖြစ်တဲ့ အလန်ရှီးယားရဲ့စံချိန်ကို လိုက်မီဖို့ နောက်ထပ်(၇၆)ဂိုးလိုအပ်နေသေးတဲ့ဆာလာအနေနဲ့ နောက်(၂)ရာသီအတွင်း ဒီအရေအတွက်ရဖို့တော့ ခက်ခဲမယ့်အခြေအနေရှိနေပါတယ်။
ဒါကြောင့် ၂၀၂၇ ခုနှစ်အထိ သက်တမ်းရှိတဲ့စာချုပ်အဆုံးသတ်ချိန်မှာ ပရီးမီးယားလိဂ်မှာဆက်ကစားပြီး ဒီစံချိန်ကို ရိုက်ချိုးနိုင်မလားဆိုတာတော့ ဆက်ကြည့်ရမှာပါ။
ဆာလာအနေနဲ့ နောက်ထပ် ပရီးမီးယားလိဂ်ဂိုး(၃)ဂိုးသွင်းနိုင်ရင်တော့ စတုတ္ထဂိုးအများဆုံးကစားသမား အန်ဒီကိုးလ်ရဲ့(၁၈၇)ဂိုးမှတ်တမ်းကို လိုက်မီမှာပါ။

လီဗာပူးလ်အသင်းမှာ ဆာလာက ပြိုင်ပွဲစုံဂိုး(၂၄၃)ဂိုးသွင်းယူထားပြီး ဂိုးအများဆုံးသွင်းထားတဲ့ အီယန်ရပ်ရှ်ရဲ့စံချိန်(၃၄၆)ဂိုးကိုလိုက်မီဖို့ (၁၀၃)ဂိုးလိုအပ်နေပါသေးတယ်။
ဒီစံချိန်ကို ရိုက်ချိုးဖို့လည်း တစ်ရာသီကို ပြိုင်ပွဲစုံဂိုး(၅၀)သွင်းယူနိုင်ဖို့ လိုအပ်နေတာကြောင့် ဆာလာအတွက် ခက်ခဲဖွယ်ရှိနေပါတယ်။ ဒါကြောင့် ပရီးမီးယားလိဂ်ဂိုးစံချိန်၊ လီဗာပူးလ်အသင်းရဲ့ဂိုးစံချိန်တွေကို ရိုက်ချိုးနိုင်ဖို့ ၂၀၂၇ စာချုပ်သက်တမ်းစေ့ချိန်မှာရော ဆာလာ လီဗာပူးလ်မှာ ဆက်ရှိနေမလားဆိုတာ ကြည့်ရမှာဖြစ်ပါတယ်။
Discussion