လီဗာပူးလ်အသင်းနဲ့ အီဂျစ်လက်ရွေးစင်အသင်းမှာ အားထားရတဲ့ တိုက်စစ်မှူးတစ်ဦးဖြစ်နေပေမယ့် မိုဟာမက်ဆာလာရဲ့ ဗိုလ်လုပွဲတွေက စွမ်းဆောင်ရည်က စိတ်ပျက်စရာဖြစ်နေပါတယ်။
မနေ့က ကစားခဲ့တဲ့ ကာရာဘောင်းလိဂ်ဖလားဗိုလ်လုပွဲမှာ ဆာလာအနေနဲ့ ပြိုင်ဘက်အသင်းဘက်ကို ဂိုးပေါက်တည့်ကန်ချက်(Shots on target)တစ်ကြိမ်ရှိဖို့နေနေသာသာ ဂိုးကန်ချက်(shots)တစ်ကြိမ်တောင် မရှိတဲ့အထိ တိုက်စစ်မှာ လူပိုကြီးတစ်ယောက်လို ဖြစ်ခဲ့ပါတယ်။
ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ (၂၇)ဂိုးအထိသွင်းပြီး ရွှေဖိနပ်ဆုအတွက် ထိပ်ဆုံးကရေပန်းစားနေတဲ့ ဆာလာအနေနဲ့ နယူးကာဆယ်နဲ့ပွဲမှာ ဂိုးပေါက်ခြိမ်းခြောက်မှုတစ်ကြိမ်တောင် မလုပ်နိုင်တာ လီဗာပူးလ်ပရိသတ်တွေအတွက် စိတ်ပျက်စရာဖြစ်ပါတယ်။

ဒါပေမယ့် ဆာလာရဲ့ဗိုလ်လုပွဲမှတ်တမ်းနဲ့ စွမ်းဆောင်ရည်သမိုင်းကြောင်းတွေကို သိရှိတဲ့ပရိသတ်တွေအတွက်ကတော့ ဒါက သိပ်မထူးဆန်းဘူးလို့ ဆိုရမှာပါ။
ဘာဖြစ်လို့လဲဆိုတော့ လီဗာပူးလ်အသင်းနဲ့ အီဂျစ်အသင်းအတွက် ကစားခဲ့တဲ့ ဗိုလ်လုပွဲတွေမှာ ဆာလာရဲ့စွမ်းဆောင်ရည်က အတော်ကို ဆိုးဝါးနေလို့ပါပဲ။ ဆာလာအနေနဲ့ လီဗာပူးလ်အသင်းနဲ့ အီဂျစ်အသင်းမှာ ဗိုလ်လုပွဲစုစုပေါင်း(၉)ကြိမ်အထိကစားခဲ့ဖူးပါတယ်။
အီဂျစ်အသင်းအတွက် အာဖရိကဖလားဗိုလ်လုပွဲ(၂)ကြိမ်၊ လီဗာပူးလ်အသင်းအတွက် ချန်ပီယံလိဂ်ဗိုလ်လုပွဲ(၃)ကြိမ်၊ လိဂ်ဖလားဗိုလ်လုပွဲ(၂)ကြိမ်၊ ဖီဖာကလပ်ကမ္ဘာ့ဖလားဗိုလ်လုပွဲ(၁)ကြိမ်၊ FA ဖလားဗိုလ်လုပွဲ(၁)ကြိမ် ကစားခဲ့တာပါ။

ဒီဗိုလ်လုပွဲ(၉)ကြိမ်မှာ ဆာလာရဲ့သွင်းဂိုးက တစ်ဂိုးသာရှိခဲ့ပြီး ၂၀၁၉ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ စပါးအသင်းဘက်ကို ပယ်နယ်တီတစ်ဂိုးသွင်းခဲ့တာပါ။ ပထမဆုံးကစားခဲ့တဲ့ ဗိုလ်လုပွဲဖြစ်တဲ့ ၂၀၁၇ အာဖရိကဖလားဗိုလ်လုပွဲမှာ (၁)ဂိုးဖန်တီးခဲ့တာကလွဲလို့ ကျန်ဗိုလ်လုပွဲ(၈)ကြိမ်မှာ ဂိုးဖန်တီးမှုမှာလည်း တစ်ကြိမ်တောင် မရှိခဲ့တာပါ။
ဒီလို ဗိုလ်လုပွဲမှတ်တမ်းဆိုးရှိတဲ့ဆာလာအနေနဲ့ နယူးကာဆယ်နဲ့ ကာရာဘောင်းလိဂ်ဖလားဗိုလ်လုပွဲမှာလည်း အသင်းအတွက် လိုအပ်တဲ့သွင်းဂိုးတွေကို ရှာဖွေမပေးနိုင်ဘဲ ရှေ့တန်းမှာ ဟိုပြေး ဒီပြေးပြေးရင်း အချိန်ကုန်ခဲ့ရတာပါ။
ဒါကြောင့် ဗိုလ်လုပွဲကျိန်စာမိနေတဲ့ ဆာလာရဲ့ဂိုးပေါက်ပျောက်ဆုံးမှုနဲ့အတူ လီဗာပူးလ်အသင်းအနေနဲ့ လိုအပ်တဲ့သွင်းဂိုးအရေအတွက်ကို မရောက်ရှိဘဲ ကာရာဘောင်းလိဂ်ဖလားကို ဆုံးရှုံးခဲ့ရတယ်လို့ ဆိုရမှာပါ။
Discussion