လီဗာပူးလ်နဲ့ပွဲက အာဆင်နယ်ရဲ့ပထမပိုင်းကစားပုံကိုကြည့်ပြီး မိမိကိုယ်ကိုသတ်သေချင်ခဲ့တယ်လို့ အာတီတာဖွင့်ဟ

လီဗာပူးလ်နဲ့ အာဆင်နယ်အသင်း (၂-၂)ဂိုးစီ သရေကျခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အာဆင်နယ်အသင်းကစားခဲ့တဲ့ ပထမပိုင်းစွမ်းဆောင်ရည်ကိုကြည့်ပြီး သူ့ကိုယ်သူသတ်သေချင်ခဲ့တယ်လို့ နည်းပြအာတီတာက ဖွင့်ဟခဲ့ပါတယ်။ အာဆင်နယ်အသင်းဟာ ဒီပွဲစဉ်ရဲ့ပထမပိုင်းမှာ လီဗာပူးလ်အသင်းကို (၂)မိနစ်အတွင်း (၂)ဂိုးပေးခဲ့ရပြီး (၀-၂)ဂိုးနဲ့ အရေးနိမ့်နေခဲ့ပေမယ့် ဒုတိယပိုင်းမှာ ချေပဂိုးတွေပြန်သွင်းနိုင်ခဲ့လို့ (၂-၂)ဂိုးစီသရေကျခဲ့တာပါ၊

အာဆင်နယ်အသင်းဟာ ဒီပွဲသရေရလဒ်ကြောင့် ပရီးမီးယားလိဂ်(၃)ပွဲအပါအဝင် နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံ(၅)ပွဲဆက်နိုင်ပွဲပျောက်ဆုံးခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် အာဆင်နယ်အသင်းဟာ အမှတ်ပေးဇယားအဆင့်(၃)နေရာက နယူးကာဆယ်အသင်းကို (၂)မှတ်၊အဆင့်(၄)နေရာက မန်စီးတီးအသင်းကို (၃)မှတ်သာဖြတ်ထားနိုင်တော့လို့ အဆင့်(၂)နေရာကို ဖယ်ပေးရနိုင်တဲ့ စိုးရိမ်မှုတွေရှိနေရတာပါ။

အာဆင်နယ်အသင်းနည်းပြအာတီတာက "ပထမပိုင်း(၂၅)မိနစ် ဒါမှမဟုတ် (၃၀)မိနစ်မှာ မြင်တွေ့ခဲ့ရတာက ကိုယ့်ကိုကိုယ်သတ်သေချင်မိပါတယ်။ ဒီစကားအတွက် တောင်းပန်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ပိုပြီးကောင်းမွန်အောင်၊မှန်ကန်တဲ့စွမ်းရည်ရှိအောင်လုပ်ဖို့လိုပါတယ်"လို့ မီဒီယာသမားတွေနဲ့ တွေ့ဆုံချိန်မှာ ဆိုခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ ဒီပွဲမှာကွင်းလယ်လူ မယ်ရီနို နှစ်ဝါတစ်နီနဲ့ ထုတ်ပယ်ခံရပြီးနောက် ဒီရာသီပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အနီကတ်(၆)ကတ်အထိ ပြသခံထားရတာပါ။ အာဆင်နယ်အသင်းနည်းပြအာတီတာက ဒီရာသီမှာ ကစားသမားတစ်ဦးလျော့နဲ့ (၆)ကြိမ်ကစားခဲ့ရသလိုမျိုး လာမယ့်ရာသီမှာ ထပ်ပြီးကြုံတွေ့လို့မရတဲ့အတွက် အများကြီးသင်ယူဖို့လိုအပ်တယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ လာမယ့်ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် နယူးကာဆယ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။