ဘောလုံးနတ်ဘုရားတစ်ပါးလို့ ဘောလုံးပရိသတ်တွေတင်စားကြတဲ့ အာဂျင်တီးနားဂန္ထဝင်ဘောလုံးသမားကြီး မာရာဒိုနာ သေဆုံးမှုက ပွဲပြီးမီးသေဆိုသလို မဖြစ်ခဲ့ဘဲ သူ လူ့လောကက ထွက်ခွာသွားအပြီး နောက်(၄)နှစ်ကျော်အကြာမှာ အမှန်တရားထွက်ပေါ်လာဖို့ သက်ဆိုင်သူတွေနဲ့ တာဝန်ရှိသူတွေက ကြိုးပမ်းနေကြပါတယ်။
အခု မတ်လ(၁၁)ရက်နေ့မှာ စတင်ခဲ့တဲ့တရားခွင်ကြားနာမှုက အခုအချိန်မှာတော့ ပိုမိုအရှိန်မြင့်တက်လာခဲ့ပြီလို့ ဆိုရမှာပါ။ အကြောင်းကတော့ မာရာဒိုနာနဲ့အနီးကပ်ဆုံးနေထိုင်ခဲ့ရတဲ့ သက်တော်စောင့်ဂျူလီယိုဆီဆာကော်ရီယာကို တရားရုံးက မမှန်မကန်သက်သေခံထွက်ဆိုမှုနဲ့ ဖမ်းဆီးထိန်းသိမ်းဖို့ အမိန့်ချခဲ့လို့ပါပဲ။
လွန်ခဲ့တဲ့(၄)နှစ်(၄)လဖြစ်တဲ့ ၂၀၂၀၊ နိုဝင်ဘာလ၊ (၂၅)ရက်နေ့မှာ လူလောကကို စွန့်ခွာသွားတဲ့မာရာဒိုနာသေဆုံးမှုအတွက် သူ့ကို ဆေးကုသခဲ့တဲ့ဆရာဝန်တွေနဲ့ သူနာပြုတွေအပါအဝင် ဒီသေဆုံးမှုအတွက် တာဝန်မကင်းသူ လူ(၈)ဦးကို တရားခွင်မှာ ကြားနာစစ်ဆေးနေတာပါ။

သူတို့ကို စွပ်စွဲထားတဲ့စွဲချက်ကတော့ ပရော်ဖက်ရှင်နယ်မပီသစွာလုပ်ကိုင်ဆောင်ရွက်တာကြောင့် လူသေစေမှုဖြစ်ပြီး အာဂျင်တီးနားဥပဒေတွေအရ ထောင်ဒဏ်အမြင့်ဆုံး (၂၅)နှစ်အထိ ကျခံရနိုင်တဲ့အမှုဖြစ်ပါတယ်။
အမှုကြားနာနေစဉ်အတွင်း သက်တော်စောင့်ကော်ရီယာရဲ့မမှန်မကန်ထွက်ဆိုချက်တွေက မာရာဒိုနာရဲ့သေဆုံးမှုကို ပိုမိုသံသယဖြစ်စေသလို၊ ဒီအမှုမှာ သပွတ်အူလို ရှုပ်ထွေးမှုတွေ နောက်ကွယ်မှာရှိနေတယ်ဆိုတဲ့ စွပ်စွဲမှုတွေကို ပိုမိုခိုင်မာစေခဲ့ပါတယ်။
ကော်ရီယာက သူဟာ မာရာဒိုနာရဲ့ဦးခေါင်းကိုခွဲစိတ်ခဲ့တဲ့ဆရာဝန်လူကေးနဲ့ မာရာဒိုနာမသေဆုံးခင်အထိ တစ်ကြိမ်မှစကားမပြောဖူးကြောင်း၊ လူကေးနဲ့သူက ရင်းနှီးသူတွေမဟုတ်ကြောင်း ထွက်ဆိုခဲ့တာပါ။ ဒါပေမယ့် စုံစမ်းစစ်ဆေးသူတွေရဲ့ တွေ့ရှိချက်တွေမှာတော့ ဆရာဝန်လူကေးနဲ့ သက်တော်စောင့်ကော်ရီယာတို့အကြား မာရာဒိုနာမဆုံးပါးခင်ကတည်းက WhatsApp ကနေ မက်ဆေ့ချ် အပြန်အလှန်ပေးပို့မှုတွေရှိနေကြတာပါ။

မာရာဒိုနာရဲ့အခြေအနေနဲ့ပတ်သက်ပြီး သူတို့နှစ်ဦးကြား အသားကင်စားရင်း ဆွေးနွေးမှုတွေပြုလုပ်ဖို့ ချိန်းဆိုတဲ့မက်ဆေ့ချ်တွေလည်း ပါဝင်ပါတယ်။ ဒါ့အပြင် မာရာဒိုနာအသက်ငင်နေတဲ့အချိန်မှာ စိတ်ရောဂါဆရာဝန်ကိုဆာချော့ဗ်က မာရာဒိုနာရဲ့ရင်ဘတ်ကို CPR ပေးခဲ့တာ(နှလုံးပြန်ခုန်အောင်လုပ်ဆောင်ခြင်း)ကိုလည်း ကော်ရီယာရဲ့ထွက်ဆိုမှုတွေမှာ ရှေ့နောက်မညီမှုတွေရှိနေပါတယ်။
မာရာဒိုနာဟာ သူ့ရဲ့ဦးနှောက်ကို ခွဲစိတ်ပြီးနောက် ဆေးရုံကဆင်းပြီး(၂)ပတ်အကြာမှာ နေအိမ်မှာ နှလုံးရောဂါနဲ့ ကွယ်လွန်ခဲ့တာပါ။ သူ ရုတ်တရက်သေဆုံးခြင်းအတွက် မိသားစုက လက်မခံနိုင်ဖြစ်နေပြီး မာရာဒိုနာအနေနဲ့ ပုံမှန်မဟုတ်တဲ့ဆေးဝါးကုသခြင်းကို ခံစားခဲ့ရကြောင်း၊ ဒီအတွက် အမှန်တရားကို ဖော်ထုတ်ပေးဖို့ လူသိရှင်ကြားတောင်းဆိုခဲ့တာပါ။
မာရာဒိုနာရဲ့သမီးအကြီးဆုံး ဒယ်လ်မာက သူမတို့ မိသားစုဟာ ငွေကြေးနဲ့ အာဏာရှိတဲ့ မာဖီးယားတွေကို ကြောက်ရွံစွာနေထိုင်နေရကြောင်း၊ သူမရဲ့မိခင်ဖြစ်သူဟာ အလွန်ကြောက်လန့်နေကြောင်း၊ ဒါပေမယ့် သူမအနေနဲ့ အမှန်တရားကိုသာဖော်ထုတ်သွားမှာဖြစ်ကြောင်း ပြောခဲ့ပါတယ်။ ဒယ်လ်မာဟာ အရင်ကလည်း သူမရဲ့ဖခင်ဟာ မာဖီးယားတွေ သတ်တာကြောင့် သေရတာဖြစ်နိုင်တယ်လို့ ပြောဆိုဖူးသူဖြစ်ပါတယ်။
အရင်က ရမ်းသမ်းစွပ်စွဲတာလို့ ထင်စရာဖြစ်ခဲ့ပေမယ့် အခု ဆရာဝန်နဲ့သူနာပြု တစ်သီတစ်တန်းကြီးကို တာဝန်ရှိသူတွေက တရားရုံးကို ဆွဲခေါ်လာခဲ့ပြီးနောက်မှာ ဒါက တကယ်ပဲလားလို့ တွေးထင်စရာဖြစ်လာပါတယ်။

အခုတော့ မာရာဒိုနာရဲ့အနီးကပ်ဆုံး သက်တော်စောင့်နဲ့ ဆရာဝန်ဖြစ်သူတို့အကြား မရိုးဖြောင့်တဲ့ဆက်ဆံရေးတွေကို တာဝန်ရှိသူတွေက သံသယဖြစ်ဖွယ်တွေ့ရှိလာရပြီး လိမ်ညာထွက်ဆိုမှုတွေပြုလုပ်ခဲ့သူ ကော်ရီယာကို တရားရုံးက ဖမ်းဆီးထိန်းသိမ်းစေခဲ့တာက ဒီအမှုကို ပိုပြီး စိတ်ဝင်စားစရာဖြစ်လာပါတယ်။
နောက်ကွယ်မှာ ဘယ်လောက်အထိ နက်နဲတဲ့အကြောင်းအရာတွေရှိနေမလဲ .. မာရာဒိုနာတစ်ယောက် တစ်ကယ်ပဲ လူယုံသတ်လို့ သေရတာလား ဆိုတာ တရားရုံးရဲ့စစ်ဆေးကြားနာမှုတွေကို ဆက်ကြည့်ရမှာဖြစ်ပါတယ်။
Discussion