လက်စတာကစားသမားဘ၀ကို ပွဲ(၅၀၀)၊ ဂိုး(၂၀၀)နဲ့ လှပစွာအဆုံးသတ်ခဲ့တဲ့ ဂျေမီဗာဒီ
လက်စတာအသင်းရဲ့အင်္ဂလန်ဝါရင့်တိုက်စစ်မှူးဂျေမီဗာဒီက ဒီနေ့ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် (၃၇) လက်စတာ(၂-၀)အစ်ဝစ်ချ်ပွဲမှာ တစ်ဂိုးသွင်းခဲ့ပြီး သူ့ရဲ့လက်စတာကစားသမားဘ၀ကို ပြိုင်ပွဲစုံပွဲ(၅၀၀)၊ ဂိုး(၂၀၀)နဲ့ လှပစွာ အဆုံးသတ်ခဲ့ပါတယ်။
ပွဲမစခင်ကွင်းအတွင်းကို ဗာဒီနဲ့ သူ့မိသားစုဝင်လာရာမှာ လက်စတာကစားသမားတွေနဲ့ ကစားသမားဟောင်းတွေက နှစ်ဖက်ဝန်းရံကာကြိုဆိုခဲ့ကြပါတယ်။ ဒီကစားသမားဟောင်းတွေက လက်စတာအသင်းမှာ ဗာဒီနဲ့အတူကစားခဲ့ပြီး သူ့အရင် အသင်းကို လမ်းခွဲသွားကြသူတွေဖြစ်ပါတယ်။

ဒါ့အပြင် လက်စတာအသင်းပိုင်ရှင် ထိုင်းလူမျိုးသန်းကြွယ်သူဌေးအီယာဝပ်နဲ့မိသားစုကပါ ကွင်းလယ်မှာ ဗာဒီကို စောင့်ကြိုနေပြီး ပွေ့ဖက်နှုတ်ဆက်ခဲ့ကြပါတယ်။ King Power ကွင်းအတွင်းမှာလည်း ပရိသတ်တွေက "Thank You Vardy"ဆိုတဲ့ စာပါဝင်တဲ့ အလံတွေဝှေ့ယမ်းကာ သူတို့ရဲ့တိုက်စစ်မှူးကို နှုတ်ဆက်ခဲ့ကြပါတယ်။ ဒါ့အပြင် လက်စတာအသင်းတာဝန်ရှိသူတွေက King Power ကွင်းအတွင်းက ထိုင်ခုံတိုင်းမှာ ဗာဒီမျက်နှာ မျက်နှာဖုံးတွေကို ပွဲမတိုင်ခင်ကတည်းက ထားရှိခဲ့ပြီး ပရိသတ်တိုင်းကို ဗာဒီမျက်နှာဖြစ်စေဖို့ စီစဉ်ပေးခဲ့ပါတယ်။

လက်စတာအသင်းဟာ ရာသီနောက်ဆုံးပွဲအဖြစ် အဝေးကွင်းမှာ ဘုန်းမောက်နဲ့ ကစားဖို့ ကျန်နေပေမယ့် ဗာဒီက ဒီနေ့ကစားတဲ့ပွဲမှာ နောက်ဆုံးပွဲအဖြစ်ကစားခဲ့ပြီး အိမ်ကွင်းမှာ ပရိသတ်တွေကို နှုတ်ဆက်ခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် သူ့အတွက် ထူးခြားမှုအနေနဲ့ ရာပြည့်ပွဲ၊ ရာပြည့်ဂိုးနဲ့ သူ့ရဲ့လက်စတာကစားသမားဘ၀မှတ်တမ်းကို အဆုံးသတ်ခဲ့တာလည်းဖြစ်ပါတယ်။

ဗာဒီဟာ ပွဲချိန်(၂၈)မိနစ်မှာ အသင်းအတွက် ဦးဆောင်ဂိုးတစ်ဂိုးသွင်းပေးခဲ့ပြီး ပွဲချိန်(၈၀)မိနစ်မှာ နည်းပြဗန်နစ္စတယ်ရွိုင်းက သူ့ကို လူစားလဲခဲ့ပါတယ်။ လူစားလဲခံရပြီး ကွင်းပြင်ကို ဗာဒီထွက်ခွာလာချိန်မှာလည်း လက်စတာကစားသမားတွေနဲ့ ကစားသမားဟောင်းတွေက သူ့ကို ဝန်းရံနှုတ်ဆက်ခဲ့ကြပါတယ်။
လက်စတာအသင်းဟာ ဒီရာသီကုန်မှာ ပရီးမီးယားလိဂ်ကနေတန်းဆင်းရတော့မှာကြောင့် ဒီပွဲက အိမ်ကွင်းနောက်ဆုံးပရီးမီးယားလိဂ်ပွဲဖြစ်ခဲ့ပြီး ပရိသတ်တွေအတွက် ပရီးမီးယားလိဂ်ကိုရော ဗာဒီကိုပါ လွမ်းဆွေးစရာဖြစ်ခဲ့ပါတယ်။
၂၀၁၆ ခုနှစ်တုန်းက ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ လက်စတာအသင်းမမျှော်လင့်တဲ့အနေအထားကနေ ဗိုလ်စွဲခဲ့ရာမှာ ဗာဒီရဲ့သွင်းဂိုးတွေက အဓိကကျခဲ့ပါတယ်။ဗာဒီဟာ ၂၀၁၂ ခုနှစ်က ဖလိ၀ုဒ်တောင်းအသင်းကနေ လက်စတာအသင်းကို ပြောင်းရွှေ့ကြေးပေါင်(၁)သန်းနဲ့ ပြောင်းရွှေ့လာခဲ့ပြီး အသင်းမှာ (၁၃)နှစ်တိုင်တိုင် ဘယ်အသင်းမှမပြောင်းဘဲ သစ္စာရှိရှိကစားခဲ့တာဖြစ်ပါတယ်။