ဒဏ်ရာကြောင့် (၃)လကြာအနားယူခဲ့ရပြီးနောက် မန်ယူနိုက်တက်အသင်းရဲ့လေ့ကျင့်ခန်းအစီအစဉ်တွေမှာ ပါဝင်လာခဲ့တဲ့ အင်္ဂလန်ကွင်းလယ်လူ မေဆန်မောင့်ဟာ လက်စတာအသင်းနဲ့ ယှဉ်ပြိုင်ရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်မှာ မန်ယူနိုက်တက်အသင်းအတွက် ပြန်ပါဝင်နိုင်တယ်လို့ နည်းပြအာမိုရင်က ဆိုခဲ့ပါတယ်။

အသက်(၂၆)နှစ်အရွယ်ရှိ မေဆန်မောင့်ဟာ ဒီဇင်ဘာက ကစားခဲ့တဲ့ မန်စီးတီးအသင်းနဲ့ မန်ချက်စတာဒါဘီပွဲစဉ်မှာ တံကောက်ကြောဒဏ်ရာရရှိပြီးကတည်းက မန်ယူနိုက်တက်အသင်းရဲ့ပွဲစဉ်တွေမှာ ပါဝင်နိုင်ခြင်းမရှိတော့တာပါ။

မေဆန်မောင့်ဟာ ပြီးခဲ့တဲ့ ဆိုစီဒက်အသင်းနဲ့ ယူရိုပါလိဂ် Round of 16 ဒုတိယအကျော့ပွဲစဉ်မတိုင်ခင်ကတည်းက မန်ယူနိုက်တက်အသင်းရဲ့လေ့ကျင့်ခန်းအစီအစဉ်တွေမှာ ပြန်ပါဝင်ခဲ့တာဖြစ်ပါတယ်။ အခုအချိန်မှာတော့ ပေါ်တူဂီလူမျိုးနည်းပြအာမိုရင်က မေဆန်မောင့်သာ ပါဝင်ကစားဖို့အတွက် ကြံ့ခိုင်မှုရှိမယ်ဆိုရင် လက်စတာအသင်းနဲ့ ပွဲစဉ်မှာ သူ့ကိုအသုံးပြုသွားမယ်လို့ ပွဲကြိုမီဒီယာတွေ့ဆုံမှုမှာ ဆိုခဲ့ပါတယ်။

အာမိုရင်က "မေဆန်မောင့်လို ကစားသမားမျိုး ကျွန်တော်တို့လိုအပ်ပါတယ်။ သူအရန်ခုံပေါ်မှာ ရှိမယ်လို့ထင်ပါတယ်။ ကျွန်တော်တို့ဟာ သူနဲ့ ကစားသမားတိုင်းကို လိုအပ်ပြီး သူသာကြံ့ခိုင်မှုပြည့်ဝနေရင် အသုံးပြုမှာပါ။ သူဟာ မိနစ်တွေအများကြီးမကစားနိုင်ပေမယ့် (၅)မိနစ်ဆိုရင် ပြီးပြည့်စုံမှာပါ"လို့ ဆိုခဲ့တာပါ။

၂၀၂၃ ခုနှစ်နွေရာသီအပြောင်းအရွှေ့ကာလက ချယ်လ်ဆီးအသင်းကနေ ပေါင်(၅၅)သန်းနဲ့ ပြောင်းရွှေ့လာခဲ့တဲ့ မေဆန်မောင့်ဟာ မန်ယူနိုက်တက်အသင်းမှာ ဒဏ်ရာတွေနဲ့ ရုန်းကန်နေရပြီး ပွဲအများအပြားကို လွဲချော်ထားပါတယ်။ မန်ယူနိုက်တက်အသင်းနည်းပြ အာမိုရင်က သူဟာ မေဆန်မောင့်ကို အပြည့်အဝယုံကြည်မှုရှိတယ်လို့လည်း ဆိုခဲ့တာဖြစ်ပါတယ်။