လက်ကျန်ပွဲ(၂)ပွဲအလိုမှာ လာလီဂါချန်ပီယံအဖြစ် အောင်ပွဲခံနိုင်ခဲ့ပြီး ပြည်တွင်းဖလား(၃)လုံးချန်ပီယံဖြစ်ခဲ့တဲ့ ဘာစီလိုနာအသင်း

ဘာစီလိုနာအသင်းက ဒီကြားရက်မှာ ကစားခဲ့တဲ့လာလီဂါပွဲစဉ်(၃၆)အက်စပန်ညို(၀-၂)ဘာစီလိုနာပွဲမှာ အနိုင်ရခဲ့ပြီးနောက် ဒီရာသီလာလီဂါချန်ပီယံအဖြစ် အောင်ပွဲခံနိုင်ခဲ့ပါတယ်။
ကက်တလန်ဒါဘီပြိုင်ဘက် အက်စပန်ညိုအသင်းကို ဘာစီလိုနာအသင်းက တစ်ပွဲလုံးခြေစွမ်းအသာနဲ့ ဖိကစားခဲ့ပေမယ့် ပထမပိုင်းမှာ ဂိုးမသွင်းနိုင်ဘဲ ဒုတိယပိုင်းပွဲချိန်(၅၃)မိနစ်မှ ယာမားလ်က ဂိုးသွင်းယူနိုင်ခဲ့တာပါ။ ဒုတိယဂိုးကိုတော့ ပွဲချိန်(၉၀+၅)မိနစ်မှာ ဖာမင်လိုပက်ဇ်က သွင်းယူပေးခဲ့ပါတယ်။

ဘာစီလိုနာအသင်းအနေနဲ့ လက်ကျန်ပွဲ(၂)ပွဲအလိုမှာ ရီးရဲလ်မက်ဒရစ်အသင်းကို ရမှတ်(၇)မှတ်အထိဖြတ်ပြီး (၈၅)မှတ်ရယူနိုင်ခဲ့လို့ ဒီရာသီလာလီဂါချန်ပီယံအဖြစ် အောင်ပွဲခံခွင့်ရခဲ့တာပါ။
ဘာစီလိုနာအသင်းဟာ အသင်းသမိုင်းတစ်လျှောက်လာလီဂါချန်ပီယံဆုကို (၂၈)ကြိမ်မြောက်ရယူနိုင်ခဲ့တာဖြစ်ပြီး အအောင်မြင်ဆုံးကလပ် ရီးရဲလ်မက်ဒရစ်အသင်းကို လိုက်မီဖို့တော့ (၈)ကြိမ်လိုအပ်နေပါသေးတယ်။

ရီးရဲလ်မက်ဒရစ်အသင်းကတော့ ဒီရာသီမှာ ဥရောပစူပါဖလား၊ ဖီဖာတိုက်ကြီးများဖလားချန်ပီယံဆုတွေနဲ့သာကျေနပ်ခဲ့ရပြီး ပြည်တွင်းဖလား(၃)လုံးဖြစ်တဲ့ လာလီဂါ၊ စပိန်စူပါဖလား၊ စပိန်ဘုရင့်ဖလားတွေမှာ ဘာစီလိုနာအသင်းကို ချန်ပီယံဖြစ်ခွင့်ပေးခဲ့ရပြီး ဒုတိယနေရာတွေနဲ့သာကျေနပ်ခဲ့ရတာဖြစ်ပါတယ်။
ဂျာမန်လူမျိုးနည်းပြဟန်ဆီဖလစ်အနေနဲ့ ဘာစီလိုနာအသင်းနဲ့ ပထမဆုံးရာသီမှာ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်အဆင့်နဲ့သာကျေနပ်ခဲ့ရပေမယ့် ပြည်တွင်းဖလား(၃)လုံးချန်ပီယံဖြစ်ခဲ့လို့ ပွဲဦးထွက် အောင်မြင်တဲ့ရာသီလို့ သတ်မှတ်ရမှာဖြစ်ပါတယ်။