လူစာရင်းလျှော့မလား ဒါမှမဟုတ် အသင်းကနေ မိမိထွက်ခွာရမလားလို့ မန်စီးတီးအသင်းကို ဂွါဒီယိုလာ သတိပေး
မန်စီးတီးအသင်းက ဘုန်းမောက်အသင်းကို (၃-၁)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အပြီးမှာ စပိန်လူမျိုးနည်းပြဂွါဒီယိုလာက အသင်းရဲ့လူစာရင်းကို လျှော့မလား ဒါမှမဟုတ် သူထွက်ခွာရမလားလို့ မန်စီးတီးအသင်းကို သတိပေးမှုပြုလုပ်ခဲ့ပါတယ်။ မန်စီးတီးအသင်းဟာ ဒီရာသီအတွင်းမှာ ကစားသမားအများအပြားရဲ့ဒဏ်ရာကြောင့် ပြီးခဲ့တဲ့ဇန်နဝါရီအပြောင်းအရွှေ့ကာလက ပြောင်းရွှေ့ကြေးပေါင်သန်း(၁၈၀)အသုံးပြုပြီး ကစားသမား(၄)ဦးအထိ အားဖြည့်ခဲ့တာပါ။

နွေရာသီမှာ မန်စီးတီးအသင်းကနေ ကွင်းလယ်လူဒီဘရိုင်းနားဟာ စာချုပ်ကုန်ဆုံးလို့ ထွက်ခွာမှာဖြစ်သလို အေစီမီလန်အသင်းထံအငှားချထားတဲ့နောက်ခံလူ ဝေါ်လ်ကာ၊ တောင်ပံကစားသမား ဂရီးလစ်ရှ်နဲ့ ဂိုးသမား အီဒါဆန်တို့လည်း ထွက်ခွာဖွယ်ရှိနေတာဖြစ်ပါတယ်။ မန်စီးတီးအသင်းနည်းပြဂွါဒီယိုလာက ကြီးမားတဲ့လူစာရင်းကို ကိုင်တွယ်မယ့်အစား အသင်းကနေ ထွက်ခွာမယ်လို့ မီဒီယာသမားတွေနဲ့ တွေ့ဆုံချိန်မှာ ဆိုခဲ့တာပါ။
ဂွါဒီယိုလာက "ကျွန်တော်ဒီလိုမျိုးမလိုချင်ဘူးဆိုတာ ကလပ်ကိုပြောထားပြီးသားပါ။ ကစားသမား(၅)ဦး၊(၆)ဦးလောက်ကို မထားခဲ့ချင်ပါဘူး။ ဒီလိုမျိုးမလုပ်ချင်တဲ့အတွက် လုပ်ရမယ်ဆိုရင် ထွက်ခွာမှာပါ။ လူစာရင်းကို ကျစ်ကျစ်လစ်လစ်ဖြစ်ချင်ပါတယ်"လို့ ဆိုခဲ့ပါတယ်။

မန်စီးတီးအသင်းနည်းပြဂွါဒီယိုလာဟာ ဘုန်းမောက်အသင်းနဲ့ပွဲစဉ်မှာ မက်အတီး၊ဆာဗင်ဟိုနဲ့ ရီကိုလူးဝစ်တို့ကို ချန်လှပ်ခဲ့ရသလို ပြီးခဲ့တဲ့ ခရစ္စတယ်ပဲလေ့စ်အသင်းနဲ့ FA ဖလားဗိုလ်လုပွဲတုန်းကလည်း ကစားသမားအချို့ကိုအသုံးမပြုခဲ့ရတာပါ။ မန်စီးတီးအသင်းဟာ ဘုန်းမောက်အသင်းနဲ့ပွဲစဉ်မှာ ဒဏ်ရာကနေပြန်သက်သာလာပြီဖြစ်တဲ့ ကွင်းလယ်လူရိုဒရီကို လူစားဝင်အဖြစ်အသုံးပြုသွားခဲ့တာဖြစ်ပါတယ်။