လူပြောသိပ်မများတဲ့ Green Flag လေးတွေ အကြောင်း

Red flag 🚩 တွေနဲ့ သူတို့စရိုက်တွေ အကြောင်း တခမ်းတနား ပြောတတ်ကြပေမယ့် တော်တော်များများ မေ့နေတတ်ကြတာ Green flag 💚 တွေကိုပါ။ ကိုယ်ချင်းစာတတ်တယ်၊ ဂရုစိုက်တတ်တယ်၊ လေးစားမှုရှိတယ်၊ ရင့်ကျက်တယ် စတာတွေက Green flag တွေရဲ့ လက္ခဏာအချို့ပေါ့။ အင်တာနက် ခေတ်ထဲမှာ အွန်လိုင်း ဒိတ်တင်းလုပ်ကြတာလည်း မဆန်းတော့တာမို့ အပြင်မှာ မတွေ့ခင် အွန်လိုင်းမှာ ချက်တင်းလုပ်ရုံနဲ့ Red flag လား Green flag လား ခန့်မှန်းနိုင်ပါတယ်။
ဒါဆိုရင် Green flag တွေရဲ့ ချက်တင်း အမူအကျင့် တစ်ချို့ကို အတူကြည့်လိုက်ရအောင်။
(၁) ဘာမှ မပြောဘဲ ပျောက်သွားတာမျိုး မလုပ်ဘူး
အလုပ်ရှုပ်ပြီး အချိန်မရတာ လူတိုင်းအတွက် မဆန်းပါဘူး။ ဒါပေမယ့် ကိုယ့်ကို တန်ဖိုးထားသူဆိုရင် စကားပြောနေရင်း ပျောက်သွားတာ၊ ရက်အကြာကြီး စာမပြန်ဘဲ ပျောက်သွားတာမျိုး မလုပ်တတ်ကြပါဘူး။
အလုပ်ရှုပ်နေတယ်ဆိုရင် ရှုပ်နေကြောင်း စာတစ်စောင်တော့ ပို့တတ်ကြတာ Green flag တွေရဲ့ အပြုအမူတစ်ခုပါ။
(၂) ကိုယ်ပို့တဲ့ စာရဲ့ အကြောင်းအရာကို အလေးထားတယ်
ကိုယ်က အလေးအနက်ထားပြီး ပို့လိုက်တဲ့ စာတစ်စောင်ကို အမှုမဲ့ အမှတ်မဲ့ စာအပြန်ခံလိုက်ရတာမျိုး ကြုံဖူးကြမယ်ထင်ပါတယ်။ ဒါဟာ Green flag တွေမှာ မတွေ့ရတဲ့ အပြုအမူပါ။ အကယ်၍ သူတို့ လတ်တလော စာပြန်ဖို့ အခွင့်အရေးမရှိသေးဘူးဆိုရင်လည်း ဒီတိုင်း ပစ်ထားတာ၊ စာတစ်လုံးတည်း ပြန်တာမျိုး မလုပ်ဘဲ အသိပေးစာတော့ ပို့တတ်ကြသူတွေပါ။
(၃) သူတို့ကို ပိုအလေးထားအောင် တမင်ပစ်ထားတာမျိုး မလုပ်ဘူး
စာပို့ထားတာကို အွန်လိုင်းရှိရက်နဲ့ တမင်စာမပြန်ဘဲ နာရီအတော်ကြာမှ တမင် ပြန်ကြသူတွေရှိပါတယ်။ ဒါမှမဟုတ် Seen ပြပြီး အကြာကြီးနေမှ တစ်ခွန်းလောက် စာပြန်တာမျိုးပေါ့။ Green flag တွေက သူတို့စာပြန်နိုင်တဲ့အချိန်ဆိုရင် တစ်စက္ကန့်ပဲ ခြားတယ်ဆိုရင်တောင် ပြန်တတ်ကြပြီး ကစားကွက် (Mind game) တွေ မလုပ်တတ်ကြပါဘူး။ အကယ်၍ အချိန်အတော်ကြာမှ စာပြန်တယ်ဆိုရင်တောင်မှ စာတစ်လုံးတည်းပဲ ပြန်တာမျိုး မလုပ်ကြပါဘူး။
(၄) သူတို့အတွက် အဆင်ပြေချိန်မှ စာပို့တာမျိုး မလုပ်ဘူး
အွန်လိုင်းမှာ ပို့တဲ့ စာတိုင်းက အလေးအနက် ဖြစ်စရာမလိုပါဘူး။ ဒါပေမယ့် အချိန်အကြာကြီးနေမှ “ဘာလုပ်နေလဲ” ဆိုတာမျိုးနဲ့ ကိုယ့်ကို ရယ်ရတဲ့ ဟာသတွေပို့တာ၊ ဒီနေ့ ဘာလုပ်ဖြစ်လဲမေးတာ၊ မအိပ်ခင်စကားလာပြောတာမျိုးနဲ့ အများကြီး ကွာပါတယ်။
စကားစလာပြောဖို့ မတွန့်ဆုတ်ဘူး။ ကိုယ်ပြောတာတွေကိုလည်း မှတ်မိတယ်။ အဆင်ပြေမှ စကားလာပြောတာမျိုးမဟုတ်ဘဲ နွေးထွေးတဲ့ ချက်တင်းတစ်ခုကို Green flag တွေနဲ့မှသာ ခံစားရစေမှာပါ။
(၅) အပြင်မှာ တွေ့ပြီး ပြောဖို့ ဝန်မလေးဘူး
စာပို့တာဟာ အကန့်အသတ်ရှိပါတယ်။ လေသံ နဲ့ ပြောတဲ့ စကားကို စာနဲ့ဆိုရင် အထင်လွဲနိုင်တာမို့ တချို့ကိစ္စတွေက အပြင်မှာ ပြောတာ၊ ဖုန်းနဲ့ ပြောတာ၊ ဗီဒီယိုခေါ်နဲ့ ပြောတာမျိုးက ပိုကောင်းပါတယ်။
Green flag တွေဟာ တစ်ခါတစ်ရံ စကားများပြီး ကတောက်ကဆဖြစ်တဲ့အခါ ပျောက်သွားတာမျိုး မရှိဘဲ အပြင်မှာ ပြောဖို့၊ ဗီဒီယိုခေါ်ပြောဖို့ ဝန်မလေးတတ်ကြပါဘူး။
(၇) ကိုယ့်ကန့်သတ်ချက် (boundaries) တွေကို လေးစားတယ်
တစ်ခါတစ်ရံ အလုပ်မအားလို့ စာမပြန်မိတဲ့အခါ စာတွေ အများကြီး ပို့၊ ဖုန်းတွေခေါ်ပြီး နှောက်ယှက်တာဟာ မလေးစားတဲ့ အပြုအမူပါ။ Green flag တွေဟာ အွန်လိုင်းမှာ စာပို့တာဟာ နိုးနေစဉ်အချိန်တိုင်း ပို့စရာမလိုဘူး ဆိုတာကို နားလည်ကြပါတယ်။ ကိုယ့်ကို နားလည်မှုနဲ့ စိတ်ထွက်ပေါက် (space) ပေးဖို့လည်း သိတတ်ကြသူတွေပါ။
အဆင်ပြေတဲ့ အွန်လိုင်းဒိတ်တင်းဆိုတာ ချက်ချင်းစာပြန်တာ၊ အီမီဂျီ (emoji) တွေ တစ်သီကြီး ပို့တာထက် အများကြီးပိုပါတယ်။ ကိုယ့်အတွက် ရှိနေပေးတာ၊ ရည်ရွယ်ချက်နဲ့ အဓိဟ္ပယ်ရှိတဲ့ စာတွေ၊ စိတ်ပိုင်းဆိုင်ရာ ရင့်ကျက်မှုတွေ လိုအပ်ပါသေးတယ်။ ကိုယ့်ဘဝထဲမှာ ဒီလိုမျိုး အချက်တွေနဲ့ ကိုက်ညီသူရှိနေပြီဆိုရင်တော့ Green flag လေးတစ်ယောက်ဆိုတာကို အသိအမှတ်ပြုလိုက်တော့နော်။