ဝက်စ်ဟမ်း၊ မာဆေးလ်အသင်းတွေမှာ ကစားခဲ့တဲ့ပြင်သစ်တိုက်စစ်မှူးပါယက်ဟာ ဘရာဇီးလ်နိုင်ငံမှာ အမျိုးသမီးတစ်ဦးနဲ့ ဇာတ်ရှုပ်နေတာ လူသိရှင်ကြားဖြစ်သွားလို့ အိမ်ထောင်ရေးပြိုကွဲမယ့်အန္တရာယ်ကို ရင်ဆိုင်နေရပါတယ်။

ပြင်သစ်လက်ရွေးစင်အသင်းအတွက် (၃၈)ပွဲကစားခဲ့သူ ပါယက်ဟာ ၂၀၂၃ ခုနှစ်မှာ မာဆေးလ်အသင်းနဲ့ လမ်းခွဲခဲ့ပြီးနောက် ဘရာဇီးလ်ကလပ်ဗာစကိုဒဂါးမားအသင်းမှာ ကစားနေတာဖြစ်ပါတယ်။

ဗာစကိုဒဂါးမားအသင်းမှာ ကစားနေစဉ်အတွင်း ပါယက်နောက်ကို မိသားစုက လိုက်ပါနေထိုင်ခြင်းမရှိဘဲ ပြင်သစ်မှာသာ ကျန်နေခဲ့ပါတယ်။ ပါယက်ရဲ့ဇနီးဖြစ်သူ လူဒီဗင်းနဲ့ ကလေး(၄)ဦးဟာ ပြင်သစ်နိုင်ငံမှာသာ ဆက်လက်နေထိုင်နေပြီး လူဒီဗင်းက (၃)လတစ်ကြိမ် ဘရာဇီးလ်ကို သွားရောက်ကာ ပါယက်နဲ့တွေ့ဆုံလေ့ရှိပါတယ်။

ဒီလို ဘရာဇီးလ်မှာ တစ်ကိုယ်တည်းလွတ်လွတ်လပ်လပ်နေရတာက ပါယက် အိမ်ထောင်ရေးဖောက်ပြန်ဖို့အတွက် အခွင့်အရေးပေးသလို ဖြစ်စေခဲ့ပါတယ်။

ပါယက်ဟာ အင်စတာဂရမ်မှာ follower (၅၉၀၀၀)ကျော်ရှိတဲ့ ရှေ့နေအမျိုးသမီးတစ်ဦးဖြစ်သူ ဖာရာရီနဲ့ ငြိစွန်းနေတာဖြစ်ပြီး သူတို့(၂)ဦးဇာတ်လမ်းက ငြင်းဆန်လို့မရအောင် လူသိရှင်ကြားဖြစ်ခဲ့တာပါ။ ငြင်းဆန်လို့မရတဲ့အကြောင်းကတော့ ဒီဇာတ်လမ်းကိုဖော်ထုတ်ခဲ့သူက ဖာရာရီကိုယ်တိုင်ဖြစ်နေလို့ပါပဲ။

သူမက ပါယက်နဲ့သူ့အကြား ရုပ်ပိုင်းဆိုင်ရာဆက်သွယ်မှုရှိနေတာ (၇)လခန့် ကြာမြင့်နေပြီဖြစ်ပြီး ပါယက်ရဲ့အထီးကျန်မှုတွေကို သူမက ကုစားပေးနေတာလို့ ဆိုခဲ့ပါတယ်။

ဖာရာရီကလည်း လူလွတ်တစ်ဦးမဟုတ်ဘဲ ကလေး(၂)ဦးရဲ့မိခင်တစ်ဦးဖြစ်ပါတယ်။ သူမက ပါယက်ရဲ့နေအိမ်ကို (၁၂)ရက်တစ်ခါလောက်သွားကြောင်း၊ တစ်ခါသွားရင် (၃)(၄)ရက်လောက်နေထိုင်ပြီး ပါယက်ရဲ့အထီးကျန်မှုတွေကို ဖြေဖျောက်ပေးကြောင်း၊ ဒါတွေက ငွေကြေးအတွက်မဟုတ်ကြောင်း ပြောခဲ့ပါတယ်။

သူမက ဒီလိုဖွင့်ဟဝန်ခံခဲ့ပြီးနောက် ဒီလိုဖြစ်ပျက်ခဲ့တာတွေအတွက် သူမမိသားစုကိုတောင်းပန်ကြောင်းနဲ့ ဆိုရှယ်မီဒီယာနဲ့ အချိန်အတိုင်းအတာတစ်ခုဝေးကွာနေမှာဖြစ်တယ်လို့လည်း ဆိုခဲ့ပါတယ်။

ဒီလို အိမ်ထောင်ရေးဖောက်ပြန်တဲ့ဇာတ်လမ်းထွက်ပေါ်လာတာ နှစ်(၂၀)ကြာတည်ဆောက်ထားတဲ့ လူဒီဗင်းနဲ့ ပါယက်ရဲ့အိမ်ထောင်ရေးကို ဘယ်လောက်အထိ သက်ရောက်မှုကြီးမားမလဲဆိုတာကတော့ ဆက်ကြည့်ရမှာပါပဲ။