လူလား စက်ရုပ်လားဆိုတာ ‌ချက်ချင်းကြည့်လိုက်ရင် ခွဲခြားနိုင်မယ့် အချက်က ဦးခေါင်းပိုင်းလို့ပဲ ပြောရပါမယ်။ ဒါတောင် ရုတ်တရက်ဆို လူတစ်ယောက် ခေါင်းမှာတစ်ခုခုစွပ်ထားတယ်လို့ပဲ ထင်ရမှာပါ။

ပုံမှာမြင်ရတဲ့ လူပုံစံစက်ရုပ်ကို တရုတ်ကုမ္ပဏီ XPeng ကနေ Guangzhou မြို့မှာကျင်းပတဲ့ AI Day အခမ်းအနားမှာ မိတ်ဆက်ခဲ့တာပါ။ စက်ရုပ်အမည်ကိုတော့ IRON လို အမည်ပေးထားပြီး ကုမ္ပဏီအနေနဲ့ ဒုတိယမျိုးဆက်လူတူစက်ရုပ်ကို ပြသခဲ့တာဖြစ်ပါတယ်။

လူတူစက်ရုပ်ပြသစဉ်မှာ အဖြူရောင်ကိုယ်ကျပ်ဝတ်စုံဝတ်ဆင်ထားပြီး လူသားကိုယ်ထည်ရဲ့ အချိုးအဆစ်နဲ့တူညီလွန်းတဲ့အပြင် ပုံမှန်လူသားတစ်ဦး လှည့်လည်သွားလာဟန်အတိုင်း တွေ့မြင်ခဲ့ရတာကြောင့် ပရိတ်သက်တွေက လူအစစ်ကို စက်ရုပ်ထဲ ထည့်ပြီးပြသခဲ့တယ်လို့ မှတ်ချက်ပေးခဲ့ကြပါတယ်။ ဒါကြောင့် CEO ဖြစ်သူကိုယ်တိုင် IRON ရဲ့ ကျောဘက်အင်္ကျီဇစ်ကို ဖွင့်ပြခဲ့ပြီး ခြေထောက်ရဲ့ အတွင်းပိုင်းတပ်ဆင်မှုတွေကို ပြသခဲ့ပါတယ်။

IRON ဟာ အရပ် ၅ ပေ ၁၀ လက်မရှိပြီး အလေးချိန် ၁၅၄ ပေါင်ရှိပါတယ်။ လူသားတွေအတိုင်း လှုပ်ရှားသွားလာနိုင်ပြီး စကားပြောထိတွေ့ဆက်သွယ်နိုင်ပါတယ်။ ခန္ဓာကိုယ်ဖွဲ့စည်းပုံက လူသားတွေအတိုင်း ပျော့ပျောင်းပြီး အချိုးကျနေခြင်းမှာ synthetic muscle fibers များအသုံးပြုထားခြင်းကြောင့်ပါ။ တစ်စက္ကန့်မှာ operation ပေါင်း 2250 ထရီလီယံ အလုပ်လုပ်နိုင်တဲ့ AI Chips တွေတပ်ဆင်ထားတာကြောင့် မြင်ရ ကြားရသမျှတိုင်းကို ချက်ချင်းတုံ့ပြန်နိုင်တယ်လို့ ဆိုပါတယ်။

XPeng အနေနဲ့ IRON ကို ပထမဆုံးအနေနဲ့ အရောင်းစင်တာများမှာ ဧည့်သည်များကို လမ်းညွှန်ခြင်း၊ ပစ္စည်းများ ပြသခြင်းနဲ့ အမေးအဖြေတွေ ဖြေဆိုခြင်းနေရာတွေမှာ သုံးသွားမှာဖြစ်ပြီး အမြဲတမ်းဝန်ထမ်းအဖြစ်ပါ ခန့်အပ်သုံးစွဲသွားဖို့ စီစဉ်နေတယ်လို့ ဖော် ပြထားပါတယ်။