မာဆေးလ်မှာ ကစားသမားတွေရဲ့ပုန်ကန်မှုကို နည်းပြဒီဇာဘီရင်ဆိုင်နေခဲ့ရ
အီတလီလူမျိုးနည်းပြဒီဇာဘီဟာ ပြင်သစ်လီဂူး-၁ ကလပ်မာဆေးလ်အသင်းမှာ ကစားသမားတွေရဲ့ပုန်ကန်မှုနဲ့ရင်ဆိုင်နေရတယ်လို့ ပြင်သစ်မီဒီယာတွေက ဖော်ပြထားပါတယ်။
ပြင်သစ်လီဂူး-၁ ပွဲစဉ်နောက်ဆုံး(၅)ပွဲမှာ (၄)ပွဲအထိအရေးနိမ့်ထားပြီး (၁)ပွဲသာအနိုင်ရရှိထားတဲ့ မာဆေးလ်အသင်းရဲ့ကစားသမားတွေဟာ နည်းပြဒီဇာဘီရဲ့နည်းစနစ်တွေကို မေးခွန်းထုတ်ခဲ့ကြတာပါ။
ဒီရာသီမှာ မာဆေးလ်အသင်းအတွက် (၁၅)ဂိုးသွင်းယူထားတဲ့ မန်ယူနိုက်တက်တိုက်စစ်မှူးဟောင်း ဂရင်းဝုဒ်ဟာ သူ့ရဲ့စိတ်နေသဘောထားကို နည်းပြဒီဇာဘီက ဝေဖန်ခဲ့ပြီး နောက်ပိုင်းပွဲတချို့မှာ ဂရင်းဝုဒ်ဟာ အရန်ခုံပေါ်ရှိခဲ့ရပါတယ်။ အာဏာရှင်ဆန်တဲ့ ချဉ်းကပ်မှုမျိုးကိုနှစ်သက်တဲ့ ဒီဇာဘီဟာ လူတိုင်းကို သူ့ရဲ့ဦးဆောင်မှုနောက်လိုက်ဖို့ တောင်းဆိုခဲ့တာပါ။ မာဆေးလ်အသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ လီဂူး-၁ ပွဲစဉ်မှာ ရင်းမ်စ်အသင်းကို (၁-၃)ဂိုးနဲ့ အရေးနိမ့်ခဲ့ရပါတယ်။
ဒီပွဲအပြီးမှာ ဒီဇာဘီက "မင်းတို့ကို ငါဒီနေ့လေ့ကျင့်ပေးမှာမဟုတ်ဘူး"လို့ မာဆေးလ် ကစားသမားတွေကို ပြောခဲ့တာပါ။ ဒီအချိန်မှာ ကစားသမားတွေကလည်း "ဒါဆိုရင် ငါတို့လည်း လေ့ကျင့်မှုပြုလုပ်မှာမဟုတ်ဘူး"လို့ ပြန်တုံ့ပြန်ခဲ့ပါတယ်။ မာဆေးလ်အသင်းရဲ့ရလဒ်ဆိုးတွေကြောင့် နည်းပြဒီဇာဘီဟာ တနင်္ဂနွေနဲ့ တနင်္လာနေ့အနားယူရမယ့်ရက်တွေကို ပယ်ဖျက်ခဲ့ပြီး ကစားသမားတွေကို မာဆေးလ်လေ့ကျင့်ရေးစင်တာမှာ တစ်ညတာကုန်ဆုံးဖို့ အမိန့်ပေးထားတယ်လို့သိရပါတယ်။
ကစားသမားတွေနဲ့ နည်းပြဒီဇာဘီအကြားမှာ တင်းမာမှုတွေရှိနေပေမယ့် မာဆေးလ်အသင်းဟာ ဧပြီ(၆)ရက်မှာ ပြင်သစ်လီဂူး-၁ ပွဲစဉ်အဖြစ် တူးလူးစ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာပါ။ မာဆေးလ်အသင်းဟာ ပြင်သစ်လီဂူး-၁ ပွဲစဉ်(၂၇)ပွဲကစားအပြီးမှာ ရမှတ်(၄၉)မှတ်နဲ့ အမှတ်ပေးဇယားအဆင့်(၃)နေရာမှာ ရပ်တည်နေပါတယ်။