ခရစ္စတယ်ပဲလေ့စ်အသင်းက မီဝေါလ်အသင်းကို (၃-၁)ဂိုးနဲ့အနိုင်ရခဲ့တဲ့ FA ဖလားပဉ္စမအဆင့်ပွဲစဉ်မှာ ခရစ္စတယ်ပဲလေ့စ်တိုက်စစ်မှူး မာတီတာရဲ့မျက်နှာကို ကရာတေးကန်ချက်နဲ့ ကန်ခဲ့တဲ့ မီဝေါလ်ဂိုးသမား လီယမ်ရောဘတ်စ်ဟာ (၆)ပွဲပယ်ခံခဲ့ရပါတယ်။

ရောဘတ်စ်ဟာ တိုက်ရိုက်အနီကတ်ကြောင့်(၃)ပွဲပယ်ခံရမှာဖြစ်ပေမယ့် သူ့ရဲ့ဆိုးရွားတဲ့ဖျက်ထုတ်မှုကြောင့် အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA)က သူ့ကို ပွဲပယ်ပြစ်ဒဏ်ထပ်တိုးဖို့ တောင်းဆိုခဲ့တာပါ။

အဲ့ဒါကြောင့် လွတ်လပ်တဲ့ကော်မရှင်က ရောဘတ်စ်ကို ပွဲပယ်ပြစ်ဒဏ်တိုးဖို့ FA ရဲ့တောင်းဆိုမှုကို ထောက်ခံခဲ့ပြီး (၆)ပွဲပယ်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ မာတီတာဟာ ရော်ဘတ်စ်ရဲ့ကန်ချက်ကြောင့် (၂၅)ချက်အထိ ချုပ်ခဲ့ရပြီး အနားယူခဲ့ရတာပါ။ ရောဘတ်စ်ဟာ သူ့ကို (၆)ပွဲပယ်ပြစ်ဒဏ်ချမှတ်ပြီးနောက် သူရေးသားထားတဲ့ ထုတ်ပြန်ချက်ကို မီဝေါလ်အသင်းက အသင်းဝက်ဘ်ဆိုက်မှာ ဖော်ပြခဲ့ပါတယ်။

ရောဘတ်စ်က မာတီတာကို တောင်းပန်ဖို့ဆက်သွယ်မှုတွေပြုလုပ်ခဲ့ပြီး သူ့ရဲ့ဖျက်ထုတ်မှုနောက်ကွယ်မှာ ဘယ်လိုဆိုးရွားတဲ့အကြောင်းအရာမှမရှိဘူးလို့ ဆိုခဲ့ပါတယ်။ ရောဘတ်စ်ဟာ ဒီဖျက်ထုတ်မှုကြောင့် ရိုင်းစိုင်းတဲ့ မက်ဆေ့ချ်တွေနဲ့ ခြိမ်းခြောက်တဲ့ မက်ဆေ့ချ်တွေကို ရခဲ့ပါတယ်။ သူက မီဝေါလ်ပရိသတ်တွေရှေ့မှာ ပြန်ကစားဖို့ မစောင့်ဆိုင်းနိုင်တော့ဘူးလို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

ခရစ္စတယ်ပဲလေ့စ်အသင်းနည်းပြ ဂလက်စ်နာက မာတီတာအနေနဲ့ မတ်လမကုန်ခင်မှာ ပြန်ကစားနိုင်ဖို့ မျှော်လင့်တယ်လို့ ဆိုထားပါတယ်။ မာတီတာဟာ ဒီရာသီမှာ ခရစ္စတယ်ပဲလေ့စ်အသင်းအတွက် ပြိုင်ပွဲစုံ(၃၃)ပွဲပါဝင်ကစားထားပြီး (၁၅)ဂိုးသွင်းယူထားပါတယ်။