မန်ယူနိုက်တက်အသင်းရဲ့ဂန္ထဝင်ကစားသမားတစ်ဦးဖြစ်သူ ပေါလ်စခိုးလ်ဟာ ရုပ်သံဘောလုံးဝေဖန်မှုအစီအစဉ်တစ်ခုမှာ နယူးကာဆယ်အသင်းကို လှောင်ပြောင်သလို ဝေဖန်ပြောဆိုခဲ့တာကြောင့် နယူးကာဆယ်ပရိသတ်တွေရဲ့အမုန်းပွားမှုကို ခံယူနေရပါတယ်။
နယူးကာဆယ်ပရိသတ်အတော်များများက ပေါလ်စခိုးလ်ကို "စိတ်ကြီးဝင်နေတဲ့သူ"၊ "အဆင့်အတန်းမရှိသူ"အစရှိတဲ့ အသုံးအနှုန်းတွေနဲ့ ဆိုရှယ်မီဒီယာတွေမှာ တိုက်ခိုက်ရေးသားနေကြပါတယ်။

ကာရာဘောင်းလိဂ်ဖလားပြိုင်ပွဲမှာ နယူးကာဆယ်အသင်းဗိုလ်စွဲခဲ့ပြီးနောက် နယူးကာဆယ်ပရိသတ်တစ်ဦးက The Overlap Fan Debate ဆိုတဲ့ podcast အစီအစဉ်တစ်ခုမှာ အသင်းနည်းပြအက်ဒီဟောင်းကို ဂုဏ်ပြုတဲ့အနေနဲ့ နယူးကာဆယ်အသင်းရဲ့ကွင်းထဲမှာ အက်ဒီဟောင်းပုံတူရုပ်တုထုလုပ်ထားရှိဖို့ အသင်းကို အကြံပြုပြောဆိုခဲ့တာဖြစ်ပါတယ်။
ဒီဖလားအောင်ပွဲက နယူးကာဆယ်အသင်းအတွက် နှစ်ပေါင်း(၇၀)အတွင်း ပထမဆုံးရရှိတဲ့ ဆုဖလားအောင်ပွဲဖြစ်တာကြောင့် ဒီလိုပြောဆိုခဲ့တာဖြစ်ပေမယ့် ပေါလ်စခိုးလ်နဲ့ မန်ယူနိုက်တက်ပရိသတ်တစ်ဦးဖြစ်သူ မက်ကိုလာတို့က နားလည်မှုမပေးနိုင်ဘဲ သူတို့မန်ယူနိုက်တက်အသင်းနဲ့ နှိုင်းယှဉ်ဝေဖန်ခဲ့တာပါ။

ပေါလ်စခိုးလ်က "လိဂ်ဖလားရရုံလောက်လေးနဲ့များကွာ ... F**** ငရဲပဲ !!! ဒီပြိုင်ပွဲကနေ စောစောစီးစီးထွက်ဖို့တောင် အသင်းတွေက နှစ်တိုင်းကြိုးစားနေရတာ"လို့ ပြောခဲ့သလို မန်ယူနိုက်တက်ပရိသတ် မက်ကိုလာကလည်း "ဒါဆိုရင် ကျွန်တော်တို့လည်း တန်ဟတ် ရုပ်တု ထားရတော့မယ်"လို့ လှောင်ပြောင်ခဲ့ပါတယ်။

မန်ယူနိုက်တက်အသင်းကနေ ရလဒ်ဆိုးတွေကြောင့် ဖိအားတွေနဲ့အတူ အသင်းနည်းပြရာထူးကထုတ်ပယ်ခံခဲ့ရတဲ့ ဒတ်ချ်လူမျိုးနည်းပြတန်ဟတ်ဟာ အသင်းကို လိဂ်ဖလားတစ်လုံးနဲ့ FA ဖလားတစ်လုံးရယူပေးနိုင်ခဲ့ပါတယ်။
Discussion