မေလကုန်နောက်ဆုံးထားပြီး ဆုံးဖြတ်ချက်ချဖို့ ဘရူနိုဖာနန်ဒက်စ်ကို အယ်လ်ဟီလယ်အသင်း အချိန်သတ်မှတ်
ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်ဟီလယ်အသင်းဟာ မန်ယူနိုက်တက်အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်ကို အနာဂတ်နဲ့ပတ်သက်ပြီး မေလကုန်နောက်ဆုံးထားပြီး ဆုံးဖြတ်ချက်ချဖို့ ရက်သတ်မှတ်ပေးခဲ့ပါတယ်။ ဘရူနိုဖာနန်ဒက်စ်ဟာ မန်ယူနိုက်တက်အသင်း ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ အရေးနိမ့်ပြီးနောက် နွေရာသီမှာ အသင်းကထွက်ခွာဖွယ်ရှိတယ်လို့ ဖွင့်ဟခဲ့တာပါ။
အယ်လ်ဟီလယ်အသင်းဟာ တစ်ပတ်လုပ်ခပေါင်(၇၀၀,၀၀၀)၊လက်မှတ်ထိုးကြေးနဲ့အပိုဆုကြေးအပါအဝင် တစ်ရာသီပေါင်(၆၅)သန်းနဲ့ ကမ်းလှမ်းမှုကို ဘရူနိုဖာနန်ဒက်စ်လက်ခံခဲ့ရင် မန်ယူနိုက်တက်အသင်းကို ပြောင်းရွှေ့ကြေးပေါင်သန်း(၁၀၀)နဲ့ ကမ်းလှမ်းဖို့ အဆင်သင့်ဖြစ်နေတယ်လို့ သိရပါတယ်။ မန်ယူနိုက်တက်အသင်းကတော့ သူတို့ရဲ့အသင်းခေါင်းဆောင်လည်းဖြစ်၊အကောင်းဆုံးကစားသမားလည်းဖြစ်တဲ့ ဘရူနိုဖာနန်ဒက်စ်ကို ရောင်းချဖို့ ရည်ရွယ်ထားခြင်းမရှိတာပါ။
ဒါပေမယ့် မန်ယူနိုက်တက်အသင်းဟာ ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ အရေးနိမ့်ပြီး ချန်ပီယံလိဂ်ဝင်ခွင့်လက်လွှတ်ခဲ့ရတဲ့အတွက် ဝင်ငွေပေါင်သန်း(၁၀၀)ဆုံးရှံးခဲ့ရတာကြောင့် ကြီးမားတဲ့ဘဏ္ဍာရေးအခက်အခဲတွေနဲ့ရင်ဆိုင်ရဖွယ်ရှိနေပါတယ်။ အဲ့ဒါကြောင့် မန်ယူနိုက်တက်အသင်းဟာ နွေရာသီမှာ ကစားသမားအများအပြားကို ရောင်းချပြီး ဘဏ္ဍာရေးပြဿနာကို ဖြေရှင်းလာဖို့ရှိနေပါတယ်။
အယ်လ်ဟီလယ်အသင်းဟာ လာမယ့်နွေရာသီမှာကျင်းပမယ့် ၂၀၂၅ ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်မီမှာ ဘရူနိုဖာနန်ဒက်စ်လို နာမည်ကြီးကစားသမားတွေကို ခေါ်ယူဖို့ ကြိုးပမ်းနေတာပါ။ အယ်လ်ဟီလယ်အသင်းဟာ လာမယ့်ရက်ပိုင်းအတွင်းမှာ ဘရူနိုဖာနန်ဒက်စ်အတွက် နောက်ဆုံးကမ်းလှမ်းမှုကို ပြုလုပ်မှာဖြစ်ပြီး အဆင်မပြေခဲ့ရင် နောက်ထပ်ပစ်မှတ်ကို ပြောင်းဖို့ရှိနေပါတယ်။