Meta ကနေ Scale AI အပေါ် ကြီးမားတဲ့ရင်းနှီးမြှုပ်နှံမှုပြီးတဲ့နောက်မှာ Scale AI ကိုအသုံးပြုနေတဲ့ အချို့ကုမ္ပဏီတွေအနေနဲ့ စဉ်းစားစရာအနေအထားမှာ ရောက်ရှိနေကြပါတယ်။

Google အနေနဲ့ Scale ကို ဒေါ်လာ ၂၀၀ သန်းနီးပါး သုံးဖို့စီစဉ်ထားပြီး AI training အတွက် Annotation ဝန်ဆောင်မှုတွေကို ယူမယ်ဆိုတာရှိတယ်။ Meta ရဲ့ 15 ဘီလီယံတန် ရင်းနှီးမြုပ်နှံမှုနဲ့ Scale Founder ခေါ်ယူမှုသတင်းတွေတက်လာပြီး နောက်ရက်မှာပဲ Scale က သိပ်လွတ်လပ်တော့မယ်မထင်တဲ့အတွက် Google က တခြား vendor တွေနဲ့ ဆွေးနွေးနေပြီး ဆက်ဆံရေးဖြတ်ဖို့ စဉ်းစားနေတယ်ဆိုတဲ့ သတင်းတွေ တက်လာပါတယ်။

Scale နဲ့ ပူးပေါင်းအလုပ်လုပ်တာကို ရုတ်သိမ်းဖို့ စဉ်းစားနေတဲ့အထဲမှာ Google တင်မကဘဲ Microsoft နဲ့ OpenAI လည်း အပါအဝင်ဖြစ်လာပါတယ်။ OpenAI ကတော့ မကြာသေးခင်ကတည်းက Scale နဲ့ ပူးပေါင်းမှုတွေ ဖြတ်တောက်ဖို့ ဆုံးဖြတ်ချက်ချနှင့်ခဲ့ပြီးလို့ ဆိုထားပါတယ်။ ဒါပေမယ့် OpenAI ရဲ့ ဘဏ္ဍာရေးတာဝန်ခံကတော့ Scale ကို များစွာသောဝန်ဆောင်မှုပေးသူတွေထဲက တစ်ခုအနေနဲ့ ဆက်လက်အသုံးပြုသွားမယ်လို့ ပြောထားပါတယ်။

Google နဲ့ Scale ရဲ့ ဆက်ဆံရေးအကြောင်းကိုတော့ သက်ဆိုင်ရာကုမ္ပဏီဘက်က မှတ်ချက်တစ်စုံတစ်ရာတွေ ပေးထားခြင်းတော့မရှိသေးပါဘူး။ Scale ရဲ့ တာဝန်ရှိသူတစ်ဦးကတော့ “ကုမ္ပဏီအနေဖြင့် လုပ်ငန်းတည်မြဲနေဆဲဖြစ်ပြီး ဖောက်သည်တွေရဲ့ဒေတာလုံခြုံရေးကို အမြဲထိန်းသိမ်းကာကွယ်ထားတယ်” လို့ ဆိုထားပါတယ်။

Scale AI ဟာ AI တိုးတက်ရေးကဏ္ဍမှာ အရေးကြီးပေမယ့် Meta ရဲ့ ရင်းနှီးမြှုပ်နှံမှုကြောင့် Google, Microsoft, OpenAI တို့အပါအဝင် နည်းပညာဖောက်သည်တစ်ချို့ရဲ့လုံခြုံရေးအရ စိတ်ပူလာမှုအပေါ် ပြောင်းလဲလာမယ့် ဆက်ဆံရေးတွေကိုလည်း တွေ့ကြုံရမယ့်သဘောဖြစ်နေပါပြီ။
Discussion