မန်ယူနိုက်တက်အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်က သူ့ကိုဝေဖန်ခဲ့တဲ့ အိုင်ယာလန်ဂန္ထဝင်ရွိုင်ကိန်းရဲ့အမြင်နဲ့ပတ်သက်ပြီး ဘာမှမဖြစ်ဘူးလို့ပြောကာ တုံ့ပြန်ခဲ့ပါတယ်။

ရွိုင်ကိန်းဟာ ပြီးခဲ့တဲ့လက အာဆင်နယ်အသင်းဂန္ထဝင် အီယန်ရိုက်နဲ့ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဘရူနိုဖာနန်ဒက်စ်ရဲ့အရည်အသွေးဟာ လုံလောက်မှုမရှိသလို၊သူဟာ တိုက်ပွဲဝင်နိုင်တဲ့သူမဟုတ်ဘူးလို့ ပြောခဲ့တာပါ။

ရွိုင်ကိန်းရဲ့မှတ်ချက်နဲ့ ပတ်သက်ပြီး ဘရူနိုဖာနန်ဒက်စ်က "လူတိုင်းမှာ ထင်မြင်ချက်တွေရှိပြီး၊ ဒါက အဆင်ပြေပါတယ်။ ရွိုင်ကိန်းဟာ ကလပ်အတွက် အံ့သြစရာကောင်းတဲ့အသင်းခေါင်းဆောင်ဖြစ်ပြီး လူတိုင်းပြောခဲ့သလို အကောင်းဆုံးတွေထဲက တစ်ဦးပါ။ ပရိုဂရမ်တစ်ခုမှာ သူ့ရဲ့အမြင်ကိုပြောရမှာဖြစ်ပြီး ဒါက ကျွန်တော်နဲ့ပတ်သက်တဲ့ သူ့ထင်မြင်ချက်ဖြစ်ပါတယ်။ ကျွန်တော်ဟာ ဘယ်သူ့ကိုမှ အတုမယူဘဲ အသင်းဖော်တွေအတွက် အကောင်းဆုံးအသင်းခေါင်းဆောင်ဖြစ်အောင် ကြိုးစားသွားမှာပါ"လို့ ဆိုခဲ့ပါတယ်။

ဘရူနိုဖာနန်ဒက်စ်ဟာ ရွိုင်ကိန်းရဲ့ဝေဖန်မှုတွေခံနေရပေမယ့် ဒီရာသီ မန်ယူနိုက်တက်အသင်းမှာ စွမ်းဆောင်ရည်အကောင်းဆုံး ကစားသမားဖြစ်ပြီး မနေ့က ဆိုစီဒက်အသင်းကို (၄-၁)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ယူရိုပါလိဂ် Round of 16 ဒုတိယအကျော့ပွဲစဉ်မှာ ဟက်ထရစ်သွင်းယူနိုင်ခဲ့ပါတယ်။ အသက်(၃၀)နှစ်အရွယ်ရှိ ဘရူနိုဖာနန်ဒက်စ်ဟာ ဒီရာသီမှာ မန်ယူနိုက်တက်အသင်းအတွက် (၄၃)ပွဲကစားထားပြီး (၁၅)ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု(၁၃)ကြိမ်ပြုလုပ်ထားတာပါ။

၂၀၂၀ ခုနှစ်ဇန်နဝါရီအပြောင်းအရွှေ့ကာလက စပို့တင်းလစ္စဘွန်းအသင်းကနေ ရောက်ရှိလာခဲ့တဲ့ ဘရူနိုဖာနန်ဒက်စ်ဟာ မန်ယူနိုက်တက်အသင်းအတွက် ပြိုင်ပွဲစုံ(၂၇၆)ပွဲပါဝင်ကစားထားပြီး (၉၄)ဂိုးသွင်းယူကာ ကာရာဘောင်းလိဂ်ဖလားနဲ့ FA ဖလားချန်ပီယံဆုတို့ကို ရယူထားပါတယ်။