ပြင်သစ်အသင်းခေါင်းဆောင်ဘာပေက La Sexta နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ သူနဲ့ရီးရဲလ်မက်ဒရစ်အသင်းဖော် ဗင်နီစီယပ်စ်တို့အကြားမှာ တင်းမာမှုတွေရှိနေတယ်ဆိုပြီးထွက်ပေါ်နေတဲ့ ထင်ကြေးသတင်းတွေကို ငြင်းပယ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ နွေရာသီက PSG အသင်းနဲ့ စာချုပ်ကုန်ဆုံးပြီးနောက် ရီးရဲလ်မက်ဒရစ်အသင်းထံ ပြောင်းရွှေ့လာခဲ့တဲ့ ဘာပေက သူဟာ ဗင်နီစီယပ်စ်နဲ့အတူတွဲကစားဖို့ ရီးရဲလ်မက်ဒရစ်အသင်းကို ပြောင်းရွှေ့ခဲ့တာလို့ ဆိုခဲ့တာပါ။

ဗင်နီစီယပ်စ်ဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်း ရီးရဲလ်မက်ဒရစ်အသင်း ချန်ပီယံလိဂ်ဖလား(၂)ကြိမ်အပါအဝင် ဆုဖလားအများအပြားရယူနိုင်ခဲ့ရာမှာ အဓိကအခန်းကဏ္ဍကနေ ပါဝင်ခဲ့တဲ့သူဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းပရိသတ်တွေရဲ့အချစ်တော်ကစားသမားဖြစ်ခဲ့တဲ့ ဗင်နီစီယပ်စ်ဟာ အခုအချိန်မှာ ဘယ်လင်ဂမ်၊ ဘာပေတို့နဲ့အတူ ဒါကို မျှဝေနေရတာပါ။


ရီးရဲလ်မက်ဒရစ်အသင်းလေ့ကျင့်ရေးစခန်းမှာ ဆက်ဆံရေးအက်ကြောင်းတွေရှိနေတယ်ဆိုပြီး သတင်းတွေထွက်ခဲ့ပေမယ့် ဘာပေကတော့ ဒီသတင်းတွေကို ငြင်းပယ်ခဲ့ပါတယ်။

ဘာပေက "ကျွန်တော်တို့ရဲ့ဆက်ဆံရေးက အလွန်ကောင်းပါတယ်။ လူတွေက ကျွန်တော်တို့ရဲ့အကြောင်းကို ပြောနေတာဟာပုံမှန်ပါပဲ။ ကျွန်တော်ဟာ ဗင်နီနဲ့တွဲကစားဖို့စိတ်ကူးနဲ့ ဒီကိုရောက်လာခဲ့တာပါ။ သူမရှိဘဲ ရီးရဲလ်မက်ဒရစ်ကို စိတ်ကူးနဲ့တွေးလို့မရပါဘူး။ လူတွေက ကျွန်တော်တို့ဆီကနေ ပိုမျှော်လင့်ထားပြီး ကျွန်တော်တို့ကလည်း အသင်းအနိုင်ရအောင်ကူညီပေးဖို့ ကြိုးစားသွားမှာပါ"လို့ဆိုခဲ့တာပါ။

ဘာပေဟာ ရီးရဲလ်မက်ဒရစ်အသင်းအတွက် ပွဲဦးထွက်ရာသီမှာ UEFA စူပါဖလားနဲ့ ဖီဖာတိုက်ကြီးများဖလားကို ရယူထားပါတယ်။ အသက်(၂၆)နှစ်အရွယ်ရှိ ဘာပေဟာ ရီးရဲလ်မက်ဒရစ်အသင်းအတွက် ပြိုင်ပွဲစုံ(၄၇)ပွဲပါဝင်ကစားထားပြီး (၃၃)ဂိုးသွင်းယူကာ ခြေစွမ်းပြနေပါတယ်။