ဒီနေ့ကစားမယ့် တောင်ကိုရီးယား-အိုမန် ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ(အာရှဇုန်)တတိယအဆင့် ပွဲစဉ်မတိုင်ခင်မှာ တောင်ကိုရီးယားအသင်းခေါင်းဆောင် ဆွန်ဟောင်မင်က သူ့ရဲ့ ကြံ့ခိုင်မှုနဲ့ ခြေစွမ်းအပေါ် စိုးရိမ်ပူပန်နေမှုတွေကို ပယ်ချခဲ့ပါတယ်။
ဆွန်ဟောင်မင်ဟာ ဒီရာသီမှာ စပါးအသင်းအတွက် ပရီးမီးယားလိဂ်သွင်းဂိုး(၇)ဂိုးသာ သွင်းယူထားနိုင်ပြီး နောက်ဆုံးကစားခဲ့တဲ့ လိဂ်(၅)ပွဲမှာလည်း ပွဲချိန်မိနစ်(၉၀)အပြည့် ပါဝင်ကစားခဲ့ခြင်းမရှိတာပါ။

ဆွန်ဟောင်မင်ဟာ စပါးအသင်းနဲ့အတူ ဒီရာသီမှာ ခက်ခဲတဲ့အခိုက်အတန့်တွေကို ဖြတ်သန်းနေရပြီး သူကိုယ်တိုင်လည်း ပြီးခဲ့တဲ့ရာသီတွေကလို ခြေစွမ်းပြသနိုင်ဖို့ ရုန်းကန်နေရတာဖြစ်ပါတယ်။ အဲ့ဒါကြောင့်လည်း အိုမန်အသင်းနဲ့ ပွဲမတိုင်ခင် ပွဲကြိုမီဒီယာတွေ့ဆုံမှုမှာ မီဒီယာသမားတွေက သူ့ရဲ့အခြေအနေနဲ့ ပတ်သက်ပြီး ဆွန်ဟောင်မင်ကို မေးမြန်းမှုတွေ ပြုလုပ်ခဲ့ကြတာပါ။
ဒီအချိန်မှာ ဆွန်ဟောင်မင်က "ကျွန်တော့်ရဲ့ရုပ်ပိုင်းဆိုင်ရာအခြေအနေက လုံးဝကောင်းမွန်ပါတယ်လို့ ဖြေသွားခဲ့ပါတယ်။ ဒါ့အပြင် အခုနှစ်ထဲ ပထမဆုံးအကြိမ် တောင်ကိုရီးယားပရိသတ်တွေအရှေ့မှာ ကစားရမှာက စိတ်ဓါတ်ခွန်အားတွေကို ပိုပြီးတိုးစေတယ်လို့ ဆွန်ဟောင်မင်က ဆိုခဲ့တာပါ။

တောင်ကိုရီးယားအသင်းဟာ ခြေစစ်ပွဲတတိယအဆင့်မှာ (၆)ပွဲကစားထားအပြီး ရမှတ်(၁၄)မှတ်နဲ့ အုပ်စုတွင်းထိပ်ဆုံးနေရာရပ်တည်နေပါတယ်။ တောင်ကိုရီးယားအသင်းဟာ အိုမန်အသင်းနဲ့ လာမယ့် ဂျော်ဒန်အသင်းတို့နဲ့ ပွဲစဉ်တွေမှာ နိုင်ပွဲတွေရယူနိုင်ခဲ့ရင် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို ယှဉ်ပြိုင်ခွင့်ရဖို့ သေချာသွားမှာဖြစ်တယ်လို့ သိရပါတယ်။
Discussion